မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ      

နေပြည်တော်  ၁၅   ဒီဇင်ဘာ

ဗန်းမောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၄ ရက် မွန်းလွဲ ၃နာရီက ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါးကျေးရွာအုပ်စု၊ ပင်ဟင်းခါးကျေးရွာအနီး၊ ဗန်းမောက်- မံစီကြီးသွားကားလမ်း၊ ဆည်ကြီးတောင်ပေါ်တွင် ဝင်းမိုး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၉ ဒသမ ၈၈ ကီလို  သိမ်းဆည်းရမိခဲ့သည်။ 

အလားတူ ယင်းနေ့က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ဆီဆိုင်ရှေ့တွင် ဆိုင်ကယ်ဖြင့်ရပ်တန့်နေသူ ဝေလျှံဖြိုး အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၇၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ထို့အတူ ညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၈)ရပ်ကွက်၊ အောင်သုခလမ်း၊ အမှတ်(၃၁၆/ဘီ)နေ မာန်ချင့်ပေါင်(ခ)ဂျိုးဇက်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၂၁၅ ပြား၊ အိုက်စ် ၁၀ဝ ဂရမ်၊ ဆေးခြောက် ၁၆ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့ သည် လားရှိုးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ပုန်းထွန်ကျေးရွာအနီးတွင် တန်ဂွန်း မောင်းနှင်ပြီး လွမ်းခေါင်၊ မဂျီဂျာအိန်း၊ မဘောက်ဆိုင်းမိုင်နှင့် ထိန်လင်းအောင် တို့လိုက်ပါလာသော ငွေရောင်မော်တော် ယာဉ်ကို ရှာဖွေရန်ရပ်တန့်စဉ် တန်ဂွမ်းမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဆက်လက် ရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၈၉၃ ကီလို၊ KBZ ဘဏ်စာအုပ် ၁ အုပ်၊ မြန်မာငွေကျပ်၂၅၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကိုသိမ်းဆည်းရမိသည်။ 

ထို့အတူ ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါ ဝင်သောပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ကွန်လုံကျေးရွာအနီး၊ နမ့်ခမ်း-မန့်ဝိန်းကြီးသွား ကားလမ်းတွင် စိုင်းမောင်လှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ  ၂၂၀ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)