မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

mdn

နေပြည်တော် ၂၀ အောက်တိုဘာ

 

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅၂)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ဗိုလ်မှူးဗထူး လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်သန်း(ခ)မင်းမင်းပိုင်နှင့် မမြင့်မြင့်ကြည်တို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၂၅၀ ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ ည ၇ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ် - မန္တလေးသွား ကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)အနီးတွင် လီဆူယူ (ခ) စိုးလွင် မောင်းနှင်ပြီး စိုင်းအိုက်ပွဲ မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၉,၀၀၀ နှင့် မြန်မာငွေ ကျပ် ၁၂၀,၀၀၀ တို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်နေ မကျန်ဟိုင်းယိမ်း၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၅ ကီလို တို့ကို လည်းကောင်း၊ ထို့နေ့တွင်  ညနေ ၆ နာရီ ၄၅ က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဟံသာဝတီလမ်းနှင့် ဟံသာဝတီလမ်းသွယ်ထောင့်တွင် စိုင်းလောင်ခေး၊ စိုင်းဖူးလီ၊ စိုင်းခမ်းငင်းနှင့် စိုင်းလုံ(ခ)မြင့်တတို့ မောင်းနှင်လာသော မော်တော်ယာဉ် ၄ စီးတို့အား ရပ်တန့်ရှာဖွေရာ အိုက်စ် ကီလို ၅၀၊ အနီရောင်ကြယ် ၅ လုံး/GUANYINWANG တံဆိပ်ပါ တရုတ် လက်ဖက်ခြောက် အိတ်ခွံ ၅၀၊ ထိုင်းနိုင်ငံသုံးဘတ်ငွေ ၃၀၅,၀၀၀ နှင့် စုစုပေါင်း ငွေကျပ်သိန်း ၁၀,၀၀၀ တန်ဖိုးရှိ အိုက်စ်များကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား