မိုးညှင်းမြို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးသီးများ‌ကြွေကျ၍ ရာသီပေါ်သီးနှံစိုက်ခင်းများ ပျက်စီး

မိုးညှင်း ဇန်နဝါရီ ၁၇

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကာဒူကျေးရွာပတ်ဝန်းကျင်တွင် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခဲ့သဖြင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

“ပြာသိုလပြည့်‌နေ့မှာ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ကာဒူကျေးရွာပတ်ဝန်းကျင်ရှိ စိုက်ခင်း‌တွေမှာ စိုက်ပျိုးထားတဲ့ မုန့်ညှင်းပင်၊ ဗူးသီးပင်၊ ပန်းမုံလာပင်နဲ့‌ မုန်လာထုပ်အပင်တွေ မိုးသီးများထိမှန်လို့ အနည်းငယ်စီ ပျက်စီးခဲ့တာ‌တွေ့ရပါတယ်၊ နေ့လယ် (၂)နာရီလောက်မှာ မိုးခြိမ်းသံတွေနဲ့အတူ မိုးတိမ်တွေမည်းတက်လာပြီး မထင်မှတ်လောက်အောင် မိုးသည်းထန်ပြီး မိုးသီးတွေကျလာတော့ စိုက်ခင်းအများအပြား ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်” ဟု ကာဒူကျေးရွာသွားလမ်းပေါ်ရှိ ရွှေပေါက်ကံ‌ကျေးရွာ‌နေ ဦးထွေးသိန်းက ပြောပြသည်။

 

မိုးညှင်းမြို့နယ်အတွင်း ယခင်နှစ်များက ပြာသိုလတွင် ရာသီမိုးအဖြစ် မိုးဖွဲမျှသာရွာလေ့ရှိသော်လည်း ယခုနှစ် ပြာသိုလပြည့်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခဲ့ကြောင်း ဒေသခံပြည်သူများ၏‌ ပြောပြချက်အရ သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)