မိုးညှင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၈၀၄ စုအတွက် ငွေကျပ် ၂၇၀၆၀၀၀၀ ကို ဒုတိယအကြိမ်အဖြစ်ထောက်ပံ့ပေးအပ်

မိုးညှင်း   ၁      ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား ထောက်ပံ့မှုများပေးလျက်ရှိရာ  မိုးညှင်းမြို့နယ်အနေဖြင့် ပထမအကြိမ် ထောက်ပံ့မှုဖြစ်သော ရိက္ခာ(၅)မျိုးကို အိမ်ထောင်စု ၇၆၇၀  အတွက် ထောက်ပံ့ပေးခဲ့ပြီး ယခု ဒုတိယအကြိမ်အနေဖြင့်  အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ရန်ကျန်ခဲ့သည့် အိမ်ထောင်စု ၁၈၀၄ စုအတွက် အိမ်ထောင်စု (၁)စုလျှင် ထောက်ပံ့ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ တာဝန်ခံများအလိုက် ခွဲဝေထောက်ပံပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးထံမှ သိရသည်။

 

အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ ပြည်နယ်ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးမင်းဆွေနိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

 ကျော်ကျော်ထွေး(မိုးညှင်း)