မိုးညှင်း၊ ကျောက်ဆည်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၇ ဇူလိုင်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၆ ရက် ည ၇ နာရီခန့်က မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာ၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း၊ ဆီဆိုင်ရှေ့တွင် ယုယကျော် မောင်းနှင်ပြီး မထက်ထက်ဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၂၉၀၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၅ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျောက်ဆည်မြို့နယ်၊ တမံတလင်းကျေးရွာ၊ ရန်ကုန်-မန္တလေးသွား ကားလမ်းဟောင်းဘေးရှိ စားသောက်ဆိုင်တွင် ရာဇာထွန်းနှင့် မြင့်ဦးတို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ဝ၀၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။

           

ထို့အတူ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နမ့်ခမ်းမြို့နယ်၊ ကုန်းဆာကျေးရွာအနီး၊ မူဆယ်-နမ့်ခမ်းသွား ကားလမ်းတွင် မုန်ဆန်မောင်းနှင်လာသည့် MITSUBISHI PAJERO အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၉၅ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နမ့်ခမ်းမြို့၊ မိုခမ်းရပ်ကွက်ရှိ ဖုန်းဆိုင်ရှေ့တွင် ရှရွယ်အား မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား