မိုးညှင်း၊ ဟုမ္မလင်းနှင့် သီပေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၂ ဇူလိုင်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ မိုးညှင်း-ဘီလူးသွား ကားလမ်း၊ မြို့ရှောင်လမ်းထိပ်တွင် မထုလွန် (ခ) မထု မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၂၀ သိမ်းဆည်း ရမိခဲ့သည်။

 

ထို့အတူ ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့နယ်၊ နန့်ချောကျေးရွာအုပ်စု၊ အိုက်ခွဲကျေးရွာ တံတားအနီးတွင် ဝင်းဗိုလ်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၀၀ တို့ကို လည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်၊ ခိုလုံကျေးရွာ၊ နမ့်လန်-သီပေါသွားလမ်း၊ ၉ မိုင်လမ်းခွဲ၊ ခိုလုံတံတားအနီးတွင် နန္ဒာသန်းနိုင် (ခ) ဖိုးတရုတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၅၀၊ မြန်မာငွေကျပ် ၅၀,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 

ရဲပြန်ကြား