မိုင်းယုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်နယ်ဝန်ကြီး ကွင်းဆင်းကြည့်ရှု

မိုင်းယု၊   ၁၄   ဇန်နဝါရီ

 

ရှမ်းပြည်နယ် လျှပ်စစ်နှင့်စက်မှုစွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ ရောက်ရှိပြီး ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

 

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မိုင်းယုမြို့ မြို့မရပ်ကွက်အတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ် (ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဦးစီးဌာနနှင့်  ဟုတ်လိုက်ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက် နေသည့် မြို့တွင်း ကတ္တရာထပ်ပိုးလွှာခင်းကျင်းနေမှု အခြေအနေများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူးရေး ကုသရေးဦးစီးဌာနရုံး RC နှစ်ထပ်ရုံး ဆောက်လုပ်နေမှု အခြေအနေများ၊ စိုင်းရှဲန်ရွက်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသည့်  မြို့မအားကစားကွင်းသို့ သွားသည့် လမ်း အရှည်ပေ ၁၀၀၀ ကွန်ကရစ် ခင်းကျင်းနေမှုများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တာချီလိတ် လုပ်သားကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် နေသည့် ဒွန်းနွဲ့-မိုင်းလွေ ကျောက်ချောလမ်း ခင်းကျင်းနေမှု အခြေအနေများ၊ ဒွန်းနွဲ့-တာပေါက် ကျေးရွာ (၁/၁)မိုင်အတွက် ရေပိုက်သွယ်တန်းခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေကန် တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်နှင့် မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့က လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)