မိုင်းယောင်းတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ ရော်ဘာစေး ရောင်းချသူများ စီးပွားရေး အဆင်ပြေ

မိုင်းယောင်း ၆ ဇွန်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရော်ဘာပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ ရော်ဘာစေးရောင်းချသူများ စီးပွားရေး အဆင်ပြေနေကြောင်း တွေ့ရသည်။

 

“ရွှေဖြူလို့ခေါ်တယ်ဆိုတဲ့ ရော်ဘာစေး။ ရှမ်းအရှေ့မှာ ရော်ဘာပင်ကို တစ်ပိုင်တစ်နိုင် စိုက်သူရော၊ စီးပွားဖြစ် စိုက်သူရော ရှိကြပါတယ်။ မနက်ဆို အစောဆုံး နှစ်နာရီ၊ သုံးနာရီဆို ထပြီး ကိုယ်စီ ဆိုင်ကယ်နဲ့တစ်မျိုး၊ ဆမ်လော့ခေါ်တဲ့ တုတ်တုတ်နဲ့တစ်မျိုး ရော်ဘာခြံရှိရာ သွားကြတယ်။ တစ်ချို့ဆို ခြံထဲမှာအိပ်၊  ခြံထဲမှာစား၊ တစ်လမှ တစ်ခါလောက်ဘဲ အိမ်ကို ပြန်လာကြတယ်။ တစ်ချို့ဆို ရော်ဘာခြစ်တဲ့သူကခြစ်၊ လယ်ရှိရင် လယ်လုပ်သူလုပ်၊ အလုပ်ကိုယ်စီနဲ့ပေါ့။ ရော်ဘာစေးက တရုတ်ကိုဘဲ အဓိကထားပို့ရတယ်။ ရှမ်း/ရှေ့ဟာ တရုတ်နဲ့ အနီးဆုံးမြို့ဖြစ်နေတော့ အနည်းနဲ့အများ တရုတ်နဲ့ ရောင်းဝယ်ကြရတာ ဟိုးပဝေသဏီထဲကပါ။ ယခုအခါမှာ တရုတ်ဘက်ကရော မြန်မာဘက်ကပါ အသွားအလာမရှိဘဲ ကုန်ပစ္စည်းတစ်ချို့သာ ပို့နိုင်ပါတယ်။ အဓိက ကတော့ ကိုဗစ်ကြောင့်ပါ” ဟု တစ်ပိုင်တစ်နိုင် ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောသည်။

 

ယခုအခါ ရော်ဘာစေး တစ်ကီလို ကျပ် ၈၀၀ မှ ကျပ် ၁၀၀၀ ခန့်ရရှိနေပြီး ရော်ဘာပင် အနည်းအများပေါ် မူတည်၍ ဝင်ငွေရရှိကာ မိုင်းယောင်းမှ မိုင်းဖြတ်မြို့သို့ အထွက်လမ်းဘေး တစ်လျှောက်နှင့် မိုင်းယောင်းမှ မိုင်းယုမြို့သို့ အထွက်လမ်းဘေး တစ်လျှောက်များတွင် ရော်ဘာတောများကို တွေ့နိုင်သည်။ ယခင်နှစ်များတွင် ကျပ် ၆၀၀ မှ ကျပ် ၇၀၀ ခန့်သာ ရောင်းချရပြီး ယခုနှစ်တွင် ဈေးကောင်းရနေသဖြင့် ရော်ဘာစိုက်တောင်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း

 

mdn