မိုင်းယောင်းမြို့နယ်၌ သခွားသီးစိုက်ပျိုးသူ တောင်သူများ အဆင်ပြေ

မိုင်းယောင်း၊ ၂၆  ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ပုံကျေးရွာမှ တောင်သူ အချို့သည် သခွားကို သမားရိုးကျစိုက်နည်းဖြင့် စိုက်ပျိုးလာကြရာမှ ယခုနှစ်တွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာများ ပေါင်းစပ်၍ Farmer To Farmer အစီအစဉ်ဖြင့် သခွားများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး သခွားသီးများ ခူးဆွတ်ရောင်းချနေကြပြီ ဖြစ်ကြောင်း တစ်ပိုင်တစ်နိုင် သခွားစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

“ယခင်နှစ်တွေက သခွားကို သမားရိုးကျပဲ စိုက်ပျိုးကြတာများတယ်။ ဒီနှစ်တော့ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး Farmer To Farmer အစီအစဉ်နဲ့ စိုက်ပျိုးတာပါ။ အရွက်နု တုန်းကတော့ ပိုးကျတယ်။ အခုတော့ စိုက်ပျိုးရေးဦးစီးဌာနရဲ့ နည်းပညာအကူအညီနဲ့ သွင်းအားစု သုံးစွဲနည်းတွေကြောင့် အဆင်ပြေသွားပြီ။ သက်တမ်းအနေနဲ့ နှစ်လကျော်ရှိပြီဆိုတော့ စတင်ခူးဆွတ် ရောင်းချနေရပါပြီ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလဆိုတော့ အိမ်ရှေ့မှာပဲ ခင်းပြီးရောင်းချကြပါတယ်။ သခွားသီး တစ်ကီလိုကို ကျပ် ၅၀၀ နှုန်းနဲ့ ရောင်းချရ ပါတယ်။ မိသားစု စားဝတ်နေရေးအတွက် အပိုဝင်ငွေလည်း ရရှိပါတယ်” ဟု ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ပုံကျေးရွာမှ တစ်ပိုင်တစ်နိုင် သခွားစိုက်တောင်သူ ဦးမိုးဇော်ခမ်းက ပြောပြသည်။

မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများသည် တောင်သူများ၏ စိုက်ခင်းများအထိ သွားရောက်ကာ တောင်သူများနှင့် အနီးကပ် ကွင်းဆင်း ပေါင်းစပ်မှုဖြင့်  စိုက်နည်းစနစ်များ၊ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာများနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က ပြောပြသည်။

အားချာ