မိုင်းယောင်းမြို့နယ်၌ ခရမ်းချဉ်သီးများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းကာ မိသားစု အပိုဝင်ငွေရရှိအဆင်ပြေ

မိုင်းယောင်း၊  ၂၂  ဇန်နဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် farmer to farmer အစီအစဉ်ဖြင့် တစ်ပိုင်တစ်နိုင် ခရမ်းချဉ်စိုက်ပျိုးသည့် တောင်သူများသည် ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်းကြကာ မိသားစုအပိုဝင်ငွေရရှိ အဆင်ပြေနေကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးထံမှ သိရသည်။

 

a

 

“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလမှာ တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့တွေ ဖြန့်ဝေပေးတာ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့နေရာတွေအထိ ကွင်းဆင်းသွားရောက်ပြီးတော့ အသိပညာပေးတာတွေလည်း တောင်သူတွေနဲ့ပူးပေါင်းပြီး အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ Farmer to Farmer အစီအစဉ်နဲ့ မိသားစု တစ်ပိုင်တစ်ပိုင်မှစ၍ စီးပွားဖြစ် စိုက်ပျိုးနိုင်တဲ့အထိ ရည်ရွယ်ပြီး လက်တွေ့သရုပ်ပြပြီး စိုက်ပျိုးတဲ့အချိန်က စပြီးတော့ ခူးဆွတ်တဲ့အချိန်ထိ ပိုးမွှားရောဂါကာကွယ်နည်းတွေ၊ အစားအစာ ဘေးကင်းလုံခြုံဖို့အတွက် ပိုးသတ်ဆေးသုံးစွဲနည်းတွေကို တောင်သူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိပါတယ်။ တောင်သူများအနေနဲ့လည်း ဟင်းသီးဟင်းရွက်တွေကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ ဒေသထွက်လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချခြင်းဖြင့်လည်း အပိုဝင်ငွေရရှိအဆင်ပြေနေကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ အသိပညာပေးတာတွေ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း”  စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။

မိုင်းယောင်းမြို့နယ်တွင် ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ပုံကျေးရွာမှ တောင်သူအချို့သည် ယခင်နှစ်များက ကြက်သွန်ဖြူနှင့် သခွားကိုသာ အဓိကစိုက်ပျိုးရာ ယခုနှစ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ခရမ်းချဉ်ကို တစ်ပိုင်တစ်နိုင် တိုးချဲ့စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ဒေသထွက် ခရမ်းချဉ်သီးများကို ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိအဆင်ပြေနေကြောင်း ခရမ်းချဉ်စိုက်ပျိုးသည့် တောင်သူ ဦးစိုင်းအောင်ခမ်း ထံမှ သိရသည်။

အားချာ