မိုင်းဖြတ်၌ “နှစ်ကျိပ်ရှစ်ဆူ ဝင်္ကပါမီးထွန်းပွဲတော်”စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မိုင်းဖြတ် ၂၃ စက်တင်ဘာ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ဆဌမအကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဝင်္ကပါမီးထွန်းပွဲတော်ကြီးကို မိုင်းဖြတ်မြို့၊ ကွက်သစ်ရပ်ကွက် စိတ္တသုခကျောင်းဝင်းအတွင်း    စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ  ကြိုတင်ပြင်ဆင်မှုများကို စက်တင်ဘာလ ၂၃ရက်နေ့မှစ၍  စတင်စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

 

“ ဆဌမအကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဝင်္ကပါမီးထွန်းပွဲတော် ကျင်းပပြုလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာမှာ   ဦးစွာပထမ တောတောင်တွေ မျှောတိုင်များကို မိမိလိုချင်သော အရွယ်ပမာဏများ ရရှိအောင် ခက်ခက်ခဲခဲ သွားရောက်ခုတ်ယူ စုဆောင်းရပါတယ်။ ပြီးတဲ့နောက်မှာ ကျင်းပပြုလုပ်မည့်နေရာ၌ မျှောတိုင်ပေါင်း ၉၀ဝ ကျော်ကို ၇၅ ပေပတ်လည်အကျယ်ရှိ မြေပြင်တွင် လူသွားလမ်း ၂ပေခွဲချန်ကာ ညီညာအောင် ကြိုးတန်း၍ ပန္နက်ရိုက်ပြီး အပေါ်တန်း၊ အောက်တန်းများကို ခိုင်ခန့်အောင် ချည်နှောင်ရပါတယ် ။    အဲ့ဒီနောက်မှာ ဝင်္ကပါရုပ်လုံး ပေါ်လာပြီဆိုရင်  မုခ်ဦးအဝင်၊ အထွက်နှင့် ဝင်္ကပါပတ်လည်တစ်ခုလုံးအတွက်  အလှမီးများကို အသေး စိပ်တပ်ဆင် ရတဲ့အတွက် ကြိုတင်ပြင်ဆင်ချိန်က အနည်းဆုံး ၁၀ရက်မနည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရပါတယ်” ဟု  စိတ္တသုခ ကျောင်းထိုင်ဆရာတော် ဥူးဓမ္မဝံသထံမှ သိရသည်။  

 

အဆိုပါ ဝင်္ကပါမီးထွန်းပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၀ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့၊ ၂၀၁၉ခုနှစ် အောက်တိုဘာလ ၈ရက်နေ့မှ ၁၃ရက်နေ့အထိ  ခြောက်ညတိုင်တိုင် မိုင်းဖြတ်မြို့ ကွက်သစ်ရပ်ကွက် စိတ်တ္တသုခ ကျောင်းတိုက်အတွင်း စည်ကားသိုက်မြိုက်စွာ  ကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်နှင့်ဆိုလျှင် ဆဌမအကြိမ်မြောက် ဖြစ်သည်။

 

 ဝင်္ကပါမီးထွန်းပွဲတော် စတင်ဖွင့်လှစ်သည့်နေ့မှစ၍ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်း သားပြည်သူများအနေဖြင့် မြန်မာ့ရိုးရာ ပွဲတော်တစ်ခုများထဲမှ သီတင်းကျွတ်မီးထွန်းပွဲတော်ကို   ပျော်ရွှင်စွာ ပူးပေါင်း ဆင်နွှဲနိုင်သည့်အပြင် ဝင်္ကပါအတွင်း ပင့်ဆောင်ထားရှိတော်မူသော နှစ်ဆယ့်ရှစ်ဆူသော ဘုရားရှင်မြတ်တို့ကို တစ်နေရာတည်းတွင် ဦးခိုက်ဖူးမျှော်နိုင်သည့်အပြင်  ပန်း၊ ဆီမီး၊ ရေးချမ်းများကို ကပ်လှူပူဇော်နိုင်မည်ဖြစ်သည်။ ပွဲတော် စတင်ကျင်းပသည့်နှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ပွဲတော်အတွင်း အထူးစည်းကားလျက်ရှိကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)