မိုင်းငေါ့မြို့တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

မိုင်းငေါ့  စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများ၊ သံဃာတော်များ၊ဝန်ထမ်းမိသားစုများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၁၀) နာရီခန့်က မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက Sinopharm အမျိုးအစား ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့ အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အလိုက်အသက် (၅၅)နှစ်မှ (၆၄)နှစ်အထိ ကျား (၃)ဦး၊ မ (၃ )ဦးနှင် သံဃာတော် (၁)ဦး၊ ဝန်ထမ်းမိသားစု ကျား(၂) ဦး၊ မ (၆)ဦး စု စုပေါင်း (၁၅) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦး နှင့်အဖွဲ့ ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးမထိုးမီ  အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်း စသည့် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ပေးကြောင်း၊ မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြော ကြားချက်အရ သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)