မိုင်းကိုင်မြို့နယ်၌  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ငါးရက်တစ်ပတ်ဈေးများခေတ္တပိတ်

မိုင်းကိုင် ၂ ဧပြီ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၏ ဝမ်ဖွီးကျေးရွာ၊ ပန်ကေတုကျေးရွာ၊ ဟမ်းငိုင်းကျေးရွာ၊ တုံလောကျေးရွာတို့တွင်  ငါးရက်တစ်ကြိမ် လှည့်ပတ်ရောင်းချနေသော ဈေး (၄)ခုကို မတ်လ ၃၀ ရက်နေ့မှစ၍ ခေတ္တပိတ်ထားကြောင်း သိရှိရသည်။

 

အဆိုပါဈေးများ၏ ဈေးနေ့များတွင် နီးစပ်ရာ ကျေးရွာများမှ  ရွာသူရွာသားများ လာရောက် ဈေးဝယ်ကြသောကြောင့် ဈေးသည်များသည်လည်း ဈေးနေ့မတိုင်မီ ညအိပ်ကြိုသွားရပြီး လှည့်ပတ်ရောင်းချသည့်အတွက် စည်ကားပြီး နယ်စုံဈေးသည်များ လာရောက် ရောင်းချသည့် အလေ့အထများ ရှိကြသည်။

 

mdn

 

ထိုသို့တစ်ရွာမှတစ်ရွာသို့ ဈေးလှည့်လည်ရောင်းချရာမှ  ဈေးသည်များ အနေဖြင့် ကိုရိုနာဗိုင်း ရပ်စ်ရောဂါ သယ်ဆောင်သူများ မဖြစ်စေရန်နှင့် ရောဂါထိန်းချုပ် ကာကွယ်သည့်နည်းလမ်း တစ်ခုအဖြစ် ညွှန်ကြားချက်များအရ ငါးရက်တစ်ပတ်ဈေး (၄)ခုကို ခေတ္တပိတ်ထားရန် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ မေတ္တာရပ်ခံစာများ ထွက်ရှိထားခြင်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကားလိုင်းများ၊ အိမ်ဆိုင်များသည်လည်း  မိမိတို့အလိုအလျှောက် ပိတ်ထားကြသောကြောင့် အများပြည်သူ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် ကုန်ဈေးနှုန်း မြင့်တက်မှုမဖြစ်စေရန်အတွက် ပုံမှန်ရောင်းချနေသော မြို့နယ်စည်ပင်သာယာဈေးကိုမူ ဖွင့်လှစ်ရောင်းချခွင့် ပေးထားပါကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သန်းဦးက ပြောကြားကြောင်း သိရှိရသည်။

 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)