မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ လေးဦး ထပ်မံတွေ့ရှိ၊ အတည်ပြုလူနာ (၂၀) ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံမှဆင်း

မိုင်းခတ် နိုဝင်ဘာ ၂၈

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ မြို့မစျေးရှိ စျေးဆိုင်ရှင်များ၊ မြို့တွင်းဝင်/ထွက် သွားလာသူများ၊ ပိုးတွေ့လူနာများ၏ မိသားစုဝင်များ၊ Contact ထိတွေ့သူများ စုစုပေါင်း ၆၄ ဦးကို RDT testkit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ လေးဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါလူနာများအား မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်တွင် ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။

 

အလားတူ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၀ သည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိကြောင်း  သိရှိရသည်။

 

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ ၂၀ သည် မြို့နယ်ပြည်သူ့ဆေးရုံရှိ  သီးသန့်လူနာဆောင်၌ ၁၀ ရက်ကြာ ဆေးကုသမှု ခံယူစေခဲ့ကာ ကျန်းမာရေးစစ်ဆေးချက်အရ ရောဂါကင်းစင်သွားပြီဖြစ်သောကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက် ဆက်လက်၍ မိမိ၏နေအိမ်၌ ခုနစ်ရက် Home Quarantine နေထိုင်သွားရန်၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်ရှောင်ရန်များကို  သတိပေးမှာကြားခဲ့ကြောင်း  သိရှိရသည်။

 

မိုင်းခတ်မြို့နယ်တွင် ဇူလိုင် ၁၃ ရက်မှ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၄၉ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၅၆ ဦး၊ ဆေးကုသမှုခံယူနေသူ ၉၃ ဦးကျန်ရှိပြီး ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်