မိုးနဲမြို့နယ်နှင့် ရှေးဟောင်းအမွေအနှစ်များ

မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာနိုင်ငံ၏ ရက်စဉ်သမိုင်းအရ လွန်ခဲ့သည့် နှစ် ၉၀၀၀ မှ ၅၀၀၀ အတွင်း သက်တမ်းရှိသည့် အမျိုးသမီး ဦးခွံ တစ်ခုကို မိုးကုတ်မြို့နယ်အတွင်းရှိ ဂူတစ်ခု၏ ဝင်ပေါက်မှ ရရှိခဲ့သည်။ထိုအချိန်တွင် လူသားများသည် ဂူများတွင် နေထိုင်ခဲ့ကြဟန်ရှိကာ ကျောက်ခေတ် ခေတ်ဟောင်း နှောင်းပိုင်းနှင့်ကျောက်ခေတ်သစ်ဦးပိုင်း ယဉ်ကျေးမှုသည် ယခုရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူ၌ ထွန်းကားခဲ့ပြီးနောက် ကျောက်ခေတ်လူသားများသည် ပြဒါးလင်းဂူ၌ နေထိုင် ခဲ့ကြသည်။

ခရစ်တော်မပေါ်မီနှစ် ၁၅၀၀ မှ ၆၀၀ အတွင်း၌ မြန်မာနိုင်ငံတွင် ကြေးခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့ ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကာ ခရစ်တော်မပေါ်မီ နှစ် ၇၀ဝတွင် တောင်သမန်ဒေသ၌ သံခေတ်ဦးကာလ လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ထွန်းခဲ့သည်။ ခရစ်တော် မပေါ်မီ နှစ် ၆၀၀ တွင် တကောင်းဒေသ၌ မြို့ရွာတည် ထောင်မှု စတင်ခဲ့ပြီးဖြစ်ပေသည်။

လူဦးရေတိုးပွားခဲ့ပြီးနောက် မြို့ရွာများကို တည်ထောင်ခဲ့ကြသဖြင့် တကောင်း၊ မိုင်းမော၊ သရေ ခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည်ဖြင့် ထင်ရှားသော မြို့ပြများ သည် မြန်မာနိုင်ငံ အဝန်းအဝိုင်းအတွင်း၌ ပေါ်ထွန်းခဲ့ကြ သည်။ ခေတ်အဆက်ဆက် မြို့ပြများ ထူထောင်ခဲ့ကြရာ မထင်ရှားသော မြို့ပြများလည်း ပါဝင်ခဲ့ကာ သစ်တောမင်းကြီး ဦးအောင်မြင့်၏ ကောင်းကင် ဓာတ်ပုံများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း၌ မြို့ဟောင်း အချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။

ခေတ်အဆက်ဆက် တည်ထောင်ခဲ့ကာ မြန်မာနိုင်ငံ နေရာဒေသအသီးသီး၌ ယခုတိုင် ကျန်ရှိနေသည့် ရှေး မြန်မာ့မြို့ဟောင်းများအနက် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးနဲမြို့ဟောင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်၍ ခရီး သွားများနှင့်သုတေသီများ စိတ်ဝင်စားသည့် နေရာတစ်ခု ဖြစ်သည်။

မိုးနဲသို့

ရှမ်းပြည်နယ်တောင်ပိုင်း၏ တောင်ကုန်းတောင်တန်း များ နောက်ခံဝယ် လှပစွာတည်ရှိနေသည့် မိုးနဲမြို့၌ ရှေး ဟောင်း ယဉ်ကျေးမှုအထောက်အထားများစွာ တည်ရှိ နေပြီး မိုးနဲမြို့ဟောင်း၏ အုတ်မြို့ရိုးတစ်ပိုင်းတစ်စကို မိုးနဲမြို့မှလင်းခေးမြို့သို့ အထွက်တွင် မြင်တွေ့နိုင်ကြပြီး မော်တော်ကားလမ်းက မြို့ရိုးကို ဖြတ်သန်းဖောက်လုပ် ထားသည်။

မိုးနဲမြို့ဟောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်တွင် ပါဝင်ကာ တောင်ကြီးမြို့မှ အရှေ့တောင် ဘက် ယွန်းယွန်းသို့ ၁၆၉ ကီလိုမီတာကွာဝေးသည်။ တောင်ကြီးမှ မိုးနဲသို့ ဟိုပုံး၊လွိုင်လင်နှင့်နမ့်စန်မြို့တို့ကို ဖြတ်သန်း၍ မော်တော်ယာဉ်ဖြင့် လေးနာရီဝန်းကျင် မောင်းနှင်ကြရသည်။

အများယူဆကြသည့် နှုတ်ပြောရာဇဝင်များအရ မိုးနဲဒေသကို ဘီလူးမ အာဏာလွှမ်းမိုးကာ ဝင်ရောက်မွှေ နှောက်ခဲ့သဖြင့် ရှမ်းဘာသာစကားဖြင့် ဘီလူးမမြို့ဟူ သည့် အဓိပ္ပာယ်ရသည့် မိုင်းဖိုင်းဟု ခေါ်ဆိုခဲ့ကာ ကာလ ရှည်ကြာလာချိန်တွင် မိုင်းဖိုင်းမှ မိုင်းနိုင်း၊ မိုးနဲဟု ပြောင်း လဲခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်းတွင် ဖော်ပြထားသည်။ မိုးနဲသည် အဘွားမြို့ သို့မဟုတ် နှင်း မြို့ဟု အဓိပ္ပာယ်ရှိကြောင်း ယူဆချက်ကို မြန်မာ့စွယ်စုံ ကျမ်းတွင် ဖတ်ရှုရသည်။

အရှေ့မှအနောက်သို့ ၅၈ မိုင်နှင့်တောင်မှမြောက်သို့ ၂၂ မိုင်ရှည်လျားသည့် လက်ရှိ မိုးနဲမြို့နယ်သည် ၇၄၅ ဒသမ ၅၇ စတုရန်းမိုင် ကျယ်ဝန်း၍ မိုးနဲမြို့သည် သုည ဒသမ ၅၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ မိုးနဲမြို့နယ်၏ တည်နေရာမြေပုံအညွှန်းသည် မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၀ မိနစ်နှင့် ၅၀ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၉ မိနစ်နှင့် ၉၈ ဒီဂရီ ၂၉ မိနစ်အကြား ဖြစ်သည်။

မိုးနဲမြို့နယ်သည် အရှေ့ဘက်တွင်မိုင်းပျဉ်းမြို့နယ်၊ အနောက်ဘက်တွင် မောက်မယ်မြို့နယ်၊ တောင်ဘက် တွင်လင်းခေးမြို့နယ်၊ မြောက်ဘက်တွင်နမ့်စန်မြို့နယ် နှင့်ကွန်ဟိန်းမြို့နယ်တို့နှင့်ထိဆက်နေသည်။ မိုးနဲမြို့သို့ တောင်ကြီး၊ လွိုင်လင်၊ နမ့်စန်၊ လင်းခေး၊ ခိုလမ်မြို့တို့မှ မော်တော်ကားလမ်းဖြင့် အလွယ်တကူသွားရောက်နိုင်ကြ ပြီး မိုးနဲမှ နမ့်စန်သို့ မိုင် ၃၀၊ မောက်မယ်သို့ ၂၇ မိုင်၊ လင်း ခေးသို့ ၂၂ မိုင်၊ ကျိုင်းတောင်းသို့ ၅၁ မိုင်ကွာဝေးသည်။

လင်းခေးခရိုင်တွင် လင်းခေး၊ မောက်မယ်၊ မိုင်းပန် မြို့နယ်တို့နှင့် အတူပါဝင်သည့် မိုးနဲမြို့နယ်ကို မြို့နှစ်ခု (မိုးနဲနှင့်ကျိုင်း တောင်း)၊ ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ကျေးရွာ ၇၄ ရွာဖြင့် ဖွဲ့စည်းသည်။

တောင်ကုန်းတောင်တန်းများ ပေါများသည့် မိုးနဲ မြို့နယ်တွင် လွိုင်မုန်မုန်း၊ လွိုင်မဟော်၊ လွိုင်ကောက်၊ လွိုင်မောင်မောင်း၊ လွိုင်တန်အင်နှင့် လွိုင်အင်တို့သည် ထင်ရှားသော တောင်များဖြစ်ကြသည်။ ပင်လယ်ရေမျက် နှာပြင်အထက် ၃၁၇၉ ပေမြင့်သည့် မိုးနဲမြို့နယ်သည် မြစ်ချောင်းများနည်းပါးသော်လည်း နမ့်တိန်းချောင်း၊ နမ့်တွန်ချောင်းနှင့် နမ့်စလိုင်ချောင်းတို့သည် မြောက်မှ တောင်သို့စီးဆင်းနေကြသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၂၁၃၂ ပေမြင့်သည့် ကျိုင်းတောင်းမြို့အနီးမှ ဖြတ်သန်းစီးဆင်း နေသည့် နမ့်တိန်းချောင်း၏ အမြင့် ၄၂၇ ပေမှ ရေထုများသည် အောက်သို့ တစ်ဟုန်ထိုး စီးဆင်းနေကြရာ ယင်းနေရာသည် ကျိုင်းတောင်း (တက် ဘုံအိုင်) ရေတံခွန်ဟု ထင်ရှားသည်။

တောင်ပေါ်ဒေသဖြစ်သော်လည်း မိုးနဲမြို့နယ်သည် မိုးရွာသွန်းမှုများပြားကာ တစ်နှစ်လျှင် ပျမ်းမျှ မိုးရွာသွန်း ရက် ၅၉ ရက်မှ ၈၁ ရက်အကြား၌ မိုးရေချိန် ၃၃ လက်မမှ ၄၈ လက်မအကြားရွာသွန်းသည်။ ဆောင်းရာသီတွင် အနိမ့် ဆုံးအပူချိန်သည် ၃ ဒီဂရီ စင်တီ ဂရိတ်ဖြစ်၍ နွေရာသီတွင် အမြင့်ဆုံး အပူချိန်သည် ၃၈ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ပြန်သော စာရင်းများ အရ မိုးနဲမြို့နယ် လူဦးရေ ၄၁၀၅၄ ဦးအနက် ရှမ်းတိုင်းရင်း သားများက၂၃၈၅၁ ဦးဖြစ်သဖြင့် မြို့နယ်လူဦးရေ၏ ၇၂ ဒသမ ၅၅ ရာခိုင်နှုန်းဖြစ်သည်။ သေးငယ်သော မိုးနဲ မြို့နယ်တွင် အထက်တန်းကျောင်း နှစ်ကျောင်း၊ အထက် တန်းကျောင်းခွဲ တစ်ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်းနှင့် မူလတန်းကျောင်း ၄၀ ရှိသည်။

ဒေသနေပြည်သူများအား ကျန်းမာရေး စောင့်ရှောက် မှုပေးနိုင်ရန် မိုးနဲနှင့် ကျိုင်းတောင်းတွင် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံစီနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ရှစ်ခု ဖွင့်လှစ်ထားသည်။ ရှေးဟောင်းအမွေအနှစ်များရှိနေပြီး ဗုဒ္ဓဘာသာကို မြို့နယ်နေ ပြည်သူများ အများ ဆုံးကိုးကွယ်သည့် မိုးနဲမြို့နယ်တွင် စေတီဘုရားပေါင်း ၁၁၀၆ ဆူနှင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၅၄ ကျောင်းရှိ သည်။ ထို့အတူ မြို့နယ်အတွင်း၌ ခရစ်ယာန်ဘုရားကျောင်း နှစ်ခု၊ အစ္စလာမ် ဗလီ တစ်ခု၊ ဟိန္ဒူဘုရားကျောင်း နှစ်ခု နှင့် တရုတ် ဘုရားကျောင်းတစ်ခုတို့လည်းရှိနေကြသည်။

မိုးနဲစေတီဟောင်းများ

တောင်ကြီးမြို့မှ မိုင် ၇၀ ကွာဝေးသည့် နမ့်စန်မြို့မှ တစ်ဆင့် လင်းခေးသို့ သွားသည့် ကားလမ်းအတိုင်း တောင်ဘက်သို့ ၃၅ မိုင် ဆက်သွားလျှင် မိုးနဲမြို့သို့ ရောက် ရှိသည်။

မိုးနဲမြို့သို့ မဝင်မီ ကားလမ်း၏ တစ်ဖက်တစ်ချက်တွင် ကြာဖူးပုံ အုတ်တိုင် တစ်ခုစီကို စိုက်ထူထားသည့် နေရာ နှစ်ခုကို ဖြတ်သန်းကြရသည်။ ယင်းကြာဖူးနှစ်ခုကို မိုးနဲ မြို့၏ လက္ခဏာတစ်ရပ်ဟု ဆိုကြသည်။

မိုးနဲမြို့ကို သုံးကြိမ် တည်ခဲ့သည်ဟု မြို့သမိုင်းမှတ် တမ်းများတွင်ရေးသားခဲ့ကြရာ ပထမမိုးနဲကို လက်ရှိမိုးနဲ ၏အရှေ့မြောက် ဘက် ၁၈ မိုင်၊ ဒုတိယမိုးနဲကို အရှေ့ဘက် လေးမိုင် တွင်တည်ခဲ့သည်ဟု ဆိုကြသည်။ တတိယမိုးနဲကို ဘုရင့်နောင်မင်းတရား လက်ထက် ၁၅၅၇ ခုနှစ်တွင် မိုးနဲစော်ဘွား စဝ်ပိတ်ဟုမ်ဖက တည်ခဲ့သည်။ မိုးနဲစော် ဘွားသည် ဘုရင့်နောင်ကို သစ္စာခံသော်လည်း သားတော် ညောင်ရမ်းမင်းက ၁၆၀၃ ခုနှစ်တွင် မိုးနဲကို သိမ်းပိုက် ခဲ့ပြီးနောက် စော်ဘွားဆက်ပြတ်ခဲ့သည်။

ထိုကာလအတွင်း၌ မိုးနဲကို မြန်မာတို့က အုပ်ချုပ်ခဲ့ ပြီး သာလွန်မင်းတရားကြီးလက်ထက်တွင် စဝ်လာခမ်းကို မိုးနဲစော်ဘွားအဖြစ် ခန့်အပ်ခဲ့သည်။ မိုးနဲကို မြန်မာတို့ အုပ်ချုပ်စဉ်ကာလများအတွင်း တည်ထားခဲ့သည့် သာသနိ က အဆောက်အအုံများသည် မြန်မာနှင့် ရှမ်းဟန်များ ရောနှောနေခဲ့ဟန်ရှိပေသည်။

မိုးနဲမြို့သို့ရောက်သည်နှင့် ကားလမ်း၏ လက်ယာ ဘက်တွင် တစ်စုတစ်ဝေးတည်းရှိနေသည့် ရှေးဟောင်း ဘုရားများကိုမြင်တွေ့ကြရသည်။ စေတီတော်အများစု သည် ရှမ်းပြည်နယ်တွင်တွေ့ရှိရလေ့ရှိသည့် ရှည်မျော မျောပုံများမဟုတ်ဘဲ မြန်မာနိုင်ငံ တစ်ဝန်းတွင် တည် ထားသည့် စေတီတော်ပုံဟန်များဖြစ်ကြကာ ယင်းနေရာ ကို မိုးနဲမွေတော်စုဘုရားများဟု ခေါ်ကြသည်။

ယင်းစေတီများကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဆရာတော် ဦးပညာပါလက စေတီစုဝင်း၌ စေတီ ၅၁ ဆူ ရှိကြောင်း မိန့်ကြားခဲ့သည်။ စေတီတော်အချို့ကို ခေတ် ဟန်အတိုင်း ပြင်ဆင်ထားသဖြင့် မူလလက်ရာများမကျန် ရှိတော့ချေ။ မိမိတို့အဖွဲ့သည် ရှေးဟောင်းစေတီပုထိုး များကို ဆေးများသုတ်ခြင်း၊ ရွှေများချခြင်းထက် မူလလက်ရာအတိုင်းထိန်းသိမ်းထားခြင်းက ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးပိုမိုမြင့်မားကြောင်း ဆရာတော်အား လျှောက်ထားခဲ့ပါသည်။

မိုးနဲမွေတော်စုဘုရားများအကြားတွင်ရှိသည့် ညောင် ပင်ကြီး တစ်ပင်၏ ပင်စည်ရှေ့သို့ ကျနေသည့် ကိုင်းကြီးများသည် လူများမပြုပြင်ဘဲ ဘုရားကျောင်းဆောင်တစ်ခု သဖွယ်ဖြစ်နေကာ အတွင်း၌ ရုပ်ပွားတော်တစ်ဆူကို ပူဇော်ထားသည်။

မိုးနဲမြို့လယ်၌ ရှမ်းပြည်နယ်အတွင်း အကြီးဆုံး စေတီတော်ဟု ဆိုနိုင်မည့် ဦးရွှေအောင်စေတီသည် ဝင်း ကျယ်တစ်ခု အတွင်း၌ တစ်ဆူတည်း တည်ရှိနေသည်။ စေတီတော်၏ နောက်ခံသမိုင်းကို မသိရှိသော်လည်း စေတီတော်ဘွဲ့အမည်သည် လူပုဂ္ဂိုလ် အမည်ဖြစ်နေ သဖြင့် အလှူရှင်၏ အမည်ပေလောဟု ယူဆဖွယ်ရှိခဲ့သည်။

မိုးနဲ နှစ်ကျိပ်ရှစ်ဆူ ဘုရားသည် စဉ့်ကိုင်မြို့နယ်ရှိ မက္ခရာမြို့ဟောင်းမှ အမရပူရခေတ်လက်ရာ ရွှေရောင် တော် ဘုရားနှင့် လက်ရာနီးစပ်မှုရှိကာ ရှမ်းဟန်များဖြင့် ထုလုပ်ထားသည်။ထို့အတူ မောင်ခိုင်မောင်နိုင် စေတီ သည် မင်းကွန်းမြသိန်းတန်စေတီတော်နှင့် တည်ထားပုံ ဆင်တူသည်။

မိုးနဲမြို့ဟောင်းတွင် တည်ရှိသည့် စေတီတော်များ နှင့် ဆင်းတုရုပ်ပွားများကို လက်ရာမြောက်စွာ ပြုလုပ် ထားပြီး ဆင်းတုတော်များတွင်သင်္ကန်းတော်ကို အနုစိတ် ခြယ်မှုန်းထားကာ ယင်းတို့သည် ယေဘုယျအားဖြင့် အင်း၀ခေတ်၊ ညောင်ရမ်းခေတ်နှင့် အမရပူရခေတ်အတွင်း ထုလုပ်ခဲ့သည့် ဆင်းတုတော်များနှင့် ပုံဟန်ဆင်တူနေသည်။

မိုးနဲမြို့ လွိုင်လန်း ဘုန်းကြီးကျောင်းရှိ ခေါင်းလောင်းတွင် သက္ကရာဇ် ၁၁၉၅ ခုနှစ်က ရေးထိုးခဲ့သည့် ”ရေမြေ့သခင် ဘဝရှင် မင်းတရားကြီးမှစ၍ ဆရာသမား ဘိုးဘွားမိဘ” ဟု အစချီသော မြန်မာဘာသာဖြင့် ရေးထိုးထားသော ခေါင်းလောင်းစာကို ဖတ်ရှုရပေသည်။

မိုးနဲဟော်

မွေတော်စေတီစု၊ ဒေဝီ ၁၂ ပါးဂူ၊ လွိုင်လန်းကျောင်း၊ မိုးနဲဟော်၊ ၁၈၉၁ ခုနှစ်က စိုက်ထူခဲ့သည့် မီးလင်းတိုင်၊ ဆင်တောင် စေတီ၊ ဦးသာခေါင်ကျောင်း၊ တံခွန်တောင်၊ မြို့ဝင် ကြာဖူး နှစ်ဖူး၊ အရိပ်မထွက် နှစ်ကျိပ်ရှစ်ဆူ ဘုရား များ၊ စက်တော် သဘာဝရေထွက် အစရှိသည့် မိုးနဲမြို့နယ် တွင် သွားရောက်လည်ပတ်နိုင်သည့် နေရာများအနက် မိုးနဲဟော်သည် အထင်ရှားဆုံးဖြစ်သည်။ ရှမ်းတိုင်းရင်း သား ဘာသာစကားဖြစ်သည့် ဟော် ဟူသည့် ဝေါဟာရကို မြန်မာအဘိဓာန်က ရှမ်းစော်ဘွား နေထိုင်ရာစံအိမ်ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး မရမီနှင့် လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ်နေရာဒေသ အသီး သီးကို စော်ဘွား အသီးသီးက အုပ်ချုပ်ခဲ့ကြပြီး စော်ဘွား များ နေထိုင်ခဲ့ကြသည့် အဆောက်အအုံများကို ဟော်များ ဟု ခေါ်ဆိုခဲ့ကြသည်။ ယင်းတို့ အနက် သီပေါ၊ ညောင်ရွှေ၊ ကျိုင်းတုံ၊ မိုင်းပွန်စသည့် မြို့များတွင် စော်ဘွားဟော် များကို ရှေးဟောင်း အဆောက်အအုံများအဖြစ် ယနေ့ တိုင်ထိန်းသိမ်းခဲ့ကြပြီး အဖြူရောင်မိုးနဲဟော်ကို မိုးနဲမြို့ လယ်၌တွေ့မြင်ရသည်။

မိုးနဲဟော်၏ မူလနေရာသည် နောင်မိုကန်၏ တောင် ဘက်တွင်တည်ရှိခဲ့ပြီး လက်ရှိ ဟော်နေရာသို့ မိုးနဲစော် ဘွား စဝ်ခွန်နွံ လက်ထက်တွင် ပြောင်းရွှေ့ကာ ဟော် အသစ်ကို ၁၈၅၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ယင်း ဟော်သည် ၁၈၉၈ ခုနှစ်တွင် မြို့သားတစ်ဦး၏ ပေါ့ဆမီး ကြောင့် မီးလောင်ကျွမ်းခဲ့သော်လည်း အဆောက်အအုံတစ်ခုလုံးပျက်စီးခြင်းမရှိခဲ့သဖြင့် မီးလောင်သည့် အစိတ် အပိုင်းများကို ပြန်လည် ပြင်ဆင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် မိုးနဲစော်ဘွား စဝ်ကျော်ဟိုး လက်ထက်တွင် ဟော်ကို ဖျက်၍ အသစ် တည်ဆောက်ခဲ့သော်လည်း ၁၉၄၅ ခုနှစ် ဂျပန်ခေတ်တွင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။

မိုးနဲစော်ဘွား စဝ်ပြည့်သည် ၁၉၄၈ ခုနှစ်တွင် ကွယ် လွန်ခဲ့သော မိုးနဲစော်ဘွား စဝ်ကျော်ဟိုးကို ဆက်ခံခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် မိုးနဲဟော်ကို တည်ဆောက်ကာ ၁၉၅၂ ခုနှစ်တွင် ဟော်တက်မင်္ဂလာကျင်းပခဲ့သည်။ မိုးနဲဟော် သည် ဥရောပဟန် အဆောက်အအုံတစ်ခုဖြစ်ကာ ဧည့် သည်များ နားခိုနိုင်ရန် ဥတ္တရဂေဟာနှင့်ဒက္ခိဏ ဂေဟာ အမည်ရှိ အဆောင်နှစ်ခုကို ဟော်၏ တောင်ဘက်နှင့် မြောက်ဘက်တွင် တည်ဆောက်ခဲ့သည်။ ထို့အတူ မိုးနဲ ဟော်တွင် ကျယ်ဝန်းသော လသာဆောင်ကိုထည့်သွင်းဆောက်လုပ်ခဲ့သည်။

မိုးနဲဟော်ဝင်းအတွင်း၌ စော်ဘွားများစိုက်ထူခဲ့သည့် မလိုင်တိုင်နှင့် ကျိုင်းတုံစော်ဘွား လက်ဆောင်ပေးခဲ့သည့် နွားကြေး ရုပ်တို့ တည်ရှိနေကြကာ ယင်းတို့သည် မိုးနဲမြို့ ၏ အမှတ်လက္ခဏာများဖြစ်လာခဲ့ကြသည်။ မိုးနဲဟော် ရှေ့တွင် ၁၈၉၁ ခုနှစ်က စိုက်ထူခဲ့သည့် မီးလင်းတိုင်ကို ယနေ့တိုင် မြင်တွေ့ကြရပေသည်။

မိုးနဲ တောင်များ

မိုးနဲမြို့နယ်အတွင်း ဆင်တောင်၊ တံခွန်တောင်၊ မြတောင်၊ စိန်တောင်၊ ရွှေတောင်၊ ငွေတောင်တို့သည် ထင်ရှားကြသည်။

တံခွန်တောင်သည် မိုးနဲမြို့၏ အနောက်တောင် ဘက်တွင်တည်ရှိ၍ တောင်ခြေအထိ မော်တော်ဆိုင်ကယ် ဖြင့် သွားနိုင်ကာ တောင်ပေါ်ရှိဘုရားကို တံခွန်တောင် ဘုရားဟု ခေါ်ကြသည်။ ယင်းဘုရားကို မိုးနဲစော်ဘွား စဝ်ရွှေကြည်လက်ထက်တွင် မြို့အရှေ့ဘက်ရှိ နောင် ကျော့ချောင်းမှ ကျောက်များကို တောင်ပေါ်အထိ လက် ဆင့်ကမ်းသယ်ဆောင်ပြီး တည်ခဲ့ကြသည်ဟု အစဉ် အဆက်ပြောဆို ခဲ့ကြသည်။ တံခွန်တောင်ပေါ်မှကြည့် လျှင် အရှေ့ဘက်ရှိ ကုန်းစောင်းပေါ်၌ တည်ထားသည့် မိုးနဲမြို့ကို မြင်တွေ့ရသည်။ ဗြိတိသျှတို့ အုပ်စိုးခဲ့စဉ်က မိုးနဲ မြို့အုပ်၏ ရုပ်တုကို တံခွန်တောင်ပေါ်၌ ထားရှိ ခဲ့သော်လည်း မြို့လူထုက ဖြိုချခဲ့သည်ဟု ဆိုကြသည်။

မြတောင်၊ စိန်တောင်၊ ရွှေတောင်နှင့် ငွေတောင်တို့ သည် တံခွန်တော်အနီးတွင်ရှိနေကာ မော်တော်ဆိုင်ကယ် ဖြင့် သွားရောက်နိုင်သည်။ယင်းတောင်များပေါ်ရှိ စေတီ များကို သူကြွယ်ညီအစ်ကိုဖြစ်သည့် မောင်ခိုင်နှင့် မောင် နိုင်တို့က လှူဒါန်းခဲ့သည်ဟု ဆိုကြသည်။ ငွေတောင်ဘုရား နှင့် မနီးမဝေးတွင် ဦသာခေါင်ကျောင်းနေရာ တည်ရှိကာ ဘုန်းကြီးကျောင်းမရှိတော့ဘဲ စေတီငယ်ကို ငုံပြီးတည် ထားသည့် စေတီကြီးတစ်ဆူနှင့်စေတီငယ် ၂၇ ဆူကိုသာ မြင်တွေ့ရသည်။ ဆင်တောင်၏ အောက်ဘက်တွင် မိုးနဲနာ ခံတော်စစ်ကဲ ဗိုလ်မှူးမင်းသား မောင်စံတည်ခဲ့သည့် မင်းသားစေတီတည်ရှိပြီး စေတီ၏ ထီးတော်ကို စော်ဘွား ကြီး စဝ်ခွန်စုံက ၁၈၂၈ ခုနှစ်တွင် တင်လှူခဲ့သည်။

ဒေသခံများ၏ ပြောကြားချက်အရ တစ်ချိန်က ရှမ်း ရပ်ကွက် ခြောက်ခုနှင့် မြန်မာရပ်ကွက် ခြောက်ခုရှိကာ စည်ကားခဲ့သည့် မိုးနဲမြို့ဟောင်းတွင် ရှေးဟောင်း အဆောက်အအုံများစွာသည် မူလ လက်ရာနီးပါးအတိုင်း ကျန်ရှိနေပေသည်။ ယင်းတို့ကို ပြုပြင်သည် ဆိုခြင်းထက် မူလလက်ရာအတိုင်း ထိန်းသိမ်းထားခြင်းဖြင့် မိုးနဲမြို့ ဟောင်း၏ အမွေအနှစ်များကို စောင့်ရှောက်ထားနိုင်မည် ဖြစ်ပေသည်။ ။

ကိုးကား

၁။ မိုးနဲမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ

(ပြည်ထဲရေးဝန်ကြီးဌာန)

၂။ မြန်မာ့ရက်စဉ်သမိုင်း(ပထမတွဲ)

၃။ ကိုယ်တွေ့ ခရီးသွားမှတ်တမ်းများ