မိုးကုတ်မြို့နယ်အတွင်းရှိ လူး လုပ်ကွက်ဟောင်း မြေပြိုကျရာမှ ကျောက်ရှာသူတစ်ဦးသေဆုံး

မန္တလေး  ၁၂  သြဂုတ်

 

မိုးကုတ်မြို့နယ်၊ ဓာတ်တော်ပျားစွဲ လူး လုပ်ကွက်ဟောင်းမြေပြိုကျရာမှ ကျောက်ရှာသူတစ်ဦးသေဆုံးမှု သြဂုတ် ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်) မှ သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ် ၁၁ ရက် ညနေပိုင်းက မိုးကုတ်ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းတစ်ခုဖြစ်သည့် ဓာတ်တော်ပြန့်လုပ်ကွက် ပျားစွဲလူးတွင် တွင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။ အဆိုပါဖြစ်စဉ် ကြောင့်  လူးအတွင်း ကျောက်ရှာဖွေနေသူ တွင်းလုပ်သား သုံးဦးမှာ မြေအောက် ပေ ၁၅၀၀ ခန့်တွင် ပိတ်မိနေခဲ့ပြီး နှစ်ဦးမှာ အသက်ရှင်လျက် အပြင်ပြန်လည်ထွက်ရှိလာခဲ့ကြောင်း သိရသည်။

 

အပြင်ပြန်ထွက်လာသူ နှစ်ဦးမှ သတင်းပေးချက်အရ လူးအတွင်း ပိတ်မိနေသူ တစ်ဦးရှိကြောင်း သိရသဖြင့် တွင်းပြို ပိတ်မိနေသည့် လူးအတွင်းသို့ မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီ အဖွဲ့များ၊ မြတ်စေတနာ လူမှုကူညီရေးအဖွဲ့များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)တို့မှ ပူးပေါင်း ရှာဖွေခဲ့ကြောင်း သိရသည်။

 

"တွင်းအပေါ်ကနေ အောက်အထိသွားရင် ပေ ၁၅၀၀ လောက်နက်တယ်။ ပြီးတော့ ရွှံ့တွေ ဗွက်တွေကြားမှာ တော်တော် ခက်ခက်ခဲခဲ ကယ်ခဲ့ရတာ" ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်) ဉီးအောင်ကျော်မိုး က ပြောသည်။

 

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ည ၈ နာရီခန့်တွင် ပျောက်ဆုံးနေသူအား ရွှံ့နွံနှင့် ကျောက်ခဲများကြားတွင် ပိကာ သေဆုံးလျက်တွေ့ရှိခဲ့ရသည်ဟု သိရသည်။

 

မေသက်ထား