မိုးကြိုးဘေးကြောင့် သေဆုံး၊ ဒဏ်ရာရသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်

နေပြည်တော် ၄ ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ ဇွန်(၂)ရက်တွင် ဖုန်းဖြင့် အင်တာနက်သုံးနေစဉ် မိုးကြိုးပစ်ခြင်းကြောင့် လူ(၂)ဦးသေဆုံး၍ (၅)ဦးဒဏ်ရာရရှိခဲ့ပြီး ဇွန်(၃)ရက်တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ မိုးကြိုးပစ်မှုဖြစ်စဉ် (၁)ကြိမ်တွင် လူ (၅)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါမိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးလျှင် ကျပ် ၃၀၀,၀၀၀ နှုန်း၊ ဒဏ်ရာရသူတစ်ဦးလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ် ၂,၇၀၀,၀၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ် ဦးစီးမှူးရုံးနှင့် မြိတ်ခရိုင် ဦးစီးမှူးရုံးတို့မှ သေဆုံးသူများ၏ မိသားစုများနှင့် ဒဏ်ရာရရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့သည်။ 

 

မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း တိုင်းဒေသကြီး/ ပြည်နယ်(၁၀)ခုတွင် မိုးကြိုးဘေးကြောင့် လူ(၂၅)ဦး သေဆုံးပြီး (၉)ဦးဒဏ်ရာရရှိခဲ့သည်။

 

ယခုအချိန်အခါသည် မုတ်သုံကာလသို့ ရောက်ရှိလာပြီဖြစ်ရာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်းဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပြီး မိုးကြိုးဘေးကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာရမှုမှာလည်း ပိုမိုများပြားလာသဖြင့် ပြည်သူများအနေဖြင့် ယခုကဲ့သို့ လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊ လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းခြင်းများဖြစ်ပွားနေချိန်တွင် ဖုန်းများကို အသုံးမပြုသင့်ပါ၊ တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စသည့် လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားသင့်သည်၊ သစ်ပင်၊ ဓါတ်တိုင်နှင့် သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ပါ၊ အိမ်အပြင်ဘက်တွင် လူစုလူဝေးနှင့်ဖြစ်နေပါက သီးခြားစီဖြန့်ခွဲနေထိုင်သင့်ပါကြောင်းနှင့် တယ်လီဖုန်းများ အသုံးပြုမှုနှင့်ပတ်သက်၍ အထူးသတိပြု ဆင်ခြင်သုံးစွဲကြပါရန် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနက အသိပေး နှိုးဆော်ထားကြောင်း သိရသည်။ 

 

သတင်းစဉ်