မိုးကောင်း၌ ဆိုင်ကယ်ခိုးယူသူနှစ်ဦးကို ဆိုင်ကယ်ခုနစ်စီးနှင့်အတူ ဖမ်းဆီးရမိ

မိုးကောင်း ၁၆   အောက်တိုဘာ

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေခြင်း ကြောင့် မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းဖော်ထုတ် ခဲ့ရာ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ဆိုင်ကယ်ခိုးယူသူနှစ်ဦးအား ဆိုင်ကယ်ခုနစ်စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

 

 ဖြစ်စဉ်မှာ မိုးကောင်းမြို့အတွင်း လူစည်ကားရာနေရာများဖြစ်သည့် ဆေးရုံ၊ မြို့မဈေး ပတ်ဝန်းကျင်နှင့် သာသနာ့ဗိမာန်တော်ကြီး ပတ်ဝန်းကျင်တို့တွင် လွန်ခဲသည့်သုံးလခန့်မှစ၍ ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏဖြစ်ပေါ်နေလျက်ရှိရာ မိုးကောင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများမှ စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ကြသည်။

 

၁

 

ဆိုင်ကယ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းမှတာဝန်ရှိသူများမှ မသင်္ကာသူများကို စောင့်ကြည့်စုံစမ်းခဲ့ရာ အောက်တိုဘာ ၁၄ ရက်ညနေပိုင်းက ဈေးကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ငှားရမ်းနေထိုင်သူ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ရပ်ကွက်နေ မင်းမင်းထွန်း (၄၂ နှစ်)သည် ဆိုင်ကယ်တစ်စီးအား ကာဘာများဖြုတ်၍ ပုံစံပြောင်းနေသည်ကိုတွေ့ရှိရပြီး မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ ခိုးယူထားသည့် ဆိုင်ကယ်မျိုးစုံခုနစ်စီးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ တစ်ဆင့် ဆိုင်ကယ်ရောင်းချပေးသူ မိုးကောင်းမြို့၊ အောက်ရှမ်းစုကျေးရွာနေ မင်းမင်း(၄၆ နှစ်)ကိုပါ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမင်းထွန်းနှင့် မင်းမင်းအား မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကာ ဆိုင်ကယ်ပျောက်ဆုံးသူပိုင်ရှင်များအား ဆိုင်ကယ်နှင့်ပတ်သက်သည့် သက်သေအထောက်အထားများ မှန်ကန်စွာပြောပြနိုင်ပါက ပြန်လည်ပေးအပ်ပေးမည်ဖြစ်ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)