မျိုးကောင်းမျိုးသန့် စိုက်နိုင်ရေး

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IFC) တို့ ပူးပေါင်းရေးဆွဲနေသည့် မြန်မာ့ဆန် စံချိန်စံညွှန်းမူကြမ်းမှာ (၉၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး မြန်မာ့စပါးစံချိန်စံညွှန်း ပြင်ဆင် ရေးဆွဲမှုမှာလည်း (၆၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ကြားသိရသည်။ နိုင်ငံတကာဈေးကွက်တွင် ကျင့်သုံးနေသည့် စံချိန်စံòန်းနှင့်အညီ ဖြစ်စေရန်နှင့် ပြည်ပသို့ဆန်တင်ပို့မှု ဈေးကွက်ရှာဖွေရာတွင်လည်း အရည်အသွေးနှင့် စံချိန်စံòန်းအရေးပါမှုကြောင့် မြန်မာ့ဆန် စံချိန်စံညွှန်း အရည်အသွေးများကို ပြန်လည် ပြင်ဆင်ခြင်းဖြစ်ကြောင်းဆန်စပါးအသင်းချုပ်က ဆိုသည်။

ဆန်စပါးအရည်အသွေးကောင်းဖို့ဆိုလျှင် စိုက်သည့်စပါးကောင်းဖို့ လိုသည်။ စိုက်သည့်စပါးကောင်းရန်ဆိုလျှင် မျိုးကောင်းမျိုးသန့်စိုက်မှသာ အရည်အသွေးကောင်းမွန်သောစပါးကို ရနိုင်မည်။ ထို့ကြောင့်မျိုးသည် အရေးကြီးသည်ဟု ဆိုရမည်။

ရှေးလယ်သမားကြီးများက မျိုးစပါးကို မိရိုးဖလာစနစ်များဖြင့်သန့်စင်ခဲ့ကြသည်။ ယခုအသုံးများသည့်နည်းက ဆန်ခါချ၍သန့်စင်နည်းဖြစ်သည်။ စပါးရွေး သံဆန်ခါကို မော်တာဖြင့် လည်ပတ်စေ၍ အဖျင်း၊ လုံးပိန် လုံးညှက်၊ မျိုးကွဲစေ့တွေကို ခါချပြီး ဆန်ခါတင်စပါးကို မျိုးယူသောနည်းဖြစ်သည်။

အစိုးရပိုင်းအနေနှင့်မူ တစ်ချိန်က မျိုးသန့်ခြံတွေမှတစ်ဆင့်မျိုးဖြန့်ဖြူးတာနှင့် ပညာပေးတာတွေရှိသော်လည်း စနစ်တစ်ခုအောက်မှာ မျိုးသန့်ခြံတွေ၏ အခန်းကဏ္ဍမှေးမှိန်ခဲ့ရသည်။ ယခုပြည်သူ့အစိုးရလက်ထက်မှာတော့ ပြန်လည်အသက်သွင်းဖို့ ကြိုးစားလာသည်ကိုတွေ့ရသည်။ ပုဂ္ဂလိကအပိုင်းကို အားပေးတိုက်တွန်းမှုနှင့်အတူ ပုဂ္ဂလိကမျိုးစေ့ထုတ်လုပ်ငန်းများ အတန်အသင့် ထွန်းကားလာတာလည်းတွေ့ရသည်။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအစီအစဉ်တွေနှင့် စိတ်ပါဝင်စားမှုရှိသော လယ်သမားများကို တစ်နိုင်တစ်ပိုင် မျိုးထုတ်နိုင်အောင်ပံ့ပိုးမှုတွေလည်းရှိသည်။ စိုက်ပျိုးရေးဦးစီးဌာနများမှတစ်ဆင့် မျိုးနှင့်နည်းပညာများ ကွင်းဆင်းကြီးကြပ်ကူညီသည်။ ထို့အပြင် မြို့နယ်တိုင်းမှာမျိုးစေ့သန့်စင်စက်တွေကို ယမန်နှစ်ကစ၍ ထားရှိ ပေးပြီး တောင်သူတွေမျိုးသန့်စင်နိုင်အောင် စီစဉ်ပေးခဲ့သည်။

ထိုသို့ မိရိုးဖလာနည်းများ၊ အစိုးရကူညီမှုများ ရှိလင့်ကစားလယ်သမားတို့အကြား မျိုးသန့်စိုက်ပျိုးမှု အလေ့အထမှာ အားနည်းနေဆဲပင်ဖြစ်သည်။ ဆန်းစစ်ကြည့်လျှင် လယ်သမားများကိုယ်တိုင် မျိုးကောင်းမျိုးသန့်အရေးပါမှုကို သိမြင်ဂရုပြုမှုအားနည်းခြင်း၊ ကိုယ်တိုင်ထုတ်လုပ်ရန် အခြေအနေမပေးခြင်း၊ မျိုးသန့်ခြံမှရောင်းသည့် ဈေးကိုကြီးမြင့်သည်ဟု ထင်မြင်ခြင်းစသည်ဖြင့်တွေ့ရသည်။ မျိုးသန့်ထုတ်ပြီဆိုလျှင် ကုန်ကျစရိတ်နှင့် အလေအလွင့်များရှိသည့်အတွက် ဈေးကတော့ ပုံမှန်ထက်မြင့်မှာ သေချာသည်။ တောင်သူများ နားလည်အောင် ရှင်းပြနိုင်ဖို့လိုသည်။

အရေးကြီးသည်မှာ လယ်သမားတို့ကိုယ်တိုင် မျိုးသန့်စိုက်ခြင်း၏ အကျိုးအမြတ်ကို သိစေဖို့ဖြစ်သည်။ ဤအပိုင်းက လယ်သမားထံမှစပါးဝယ်ယူကြိတ်ခွဲသူ စက်ပိုင်ကုန်သည်များနှင့် ဆက်စပ်နေသည်။ အရည်အသွေးကောင်းသည့်စပါးကို အရည်အသွေးနိမ့်သည့် စပါးများ ဝယ်သည့်ဈေးအတိုင်း ဈေးနှိမ်ဝယ်လျှင် တောင်သူစိတ်၌ စပါးသန့်လည်းမထူး၊ နွားထီးတစ်ကျပ်၊ နွားမတစ်ကျပ် အတူတူဆိုသည့် အယူစွဲသွားနိုင်သည်။ သို့ဖြစ်လျှင် ရေရှည်မှာ စပါးကောင်းရဖို့ ခက်ခဲသွားနိုင်သည်။ ဆန်စပါးအသင်းချုပ် ရည်မှန်းသည့် နိုင်ငံတကာဈေးကွက် စံရဖို့ ခက်ခဲမည်။ ထို့ကြောင့် စက်ပိုင်ကုန်သည်များဘက်မှ စည်းကမ်းတကျ ဝယ်ယူဖို့လည်း လိုအပ်ပါသည်။ ကောင်းလျှင် ကောင်းသလို ဝယ်ယူ ပေးလျှင် လယ်သမားများ မျိုးသန့်စိုက်ရန် အားသန်လာလိမ့်မည်ဟုယူဆပါသည်။ စက်ပိုင်တွေကိုယ်တိုင် မိမိနှင့်ဆက်စပ်ရာ လယ်သမား များထံ မျိုးသန့်ရှာဖွေ ဖြန့်ဝေပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပြီးအချိန်တန်လျှင် ထိုလယ်သမားများထံမှ စပါးများကို စိတ်ချလက်ချဝယ်ယူနိုင်၍ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်သည်။

လယ်သမားများမှလည်း မျိုးသန့်စိုက်ပျိုးနိုင်ရေး အလေးထားသင့်သည်။ စံချိန်စံòန်းဝင်ရန်ဆိုလျှင် မျိုးသန့်စိုက်မှ အဆင်ပြေနိုင်တော့မည်။ မိရိုးဖလာနည်းဖြစ်စေ၊ ခေတ်မီနည်းဖြစ်စေ ကိုယ်တိုင်သန့်စင်သည့် အလေ့အထများ ပြန်လည်ကျင့်သုံးသင့်သည်။ မလုပ်နိုင်လျှင်မျိုးသန့်ဝယ်ယူစိုက်ပျိုးနိုင်ရေး ကြိုးစားသင့်သည်ဟု ထင်မြင်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသော အရည်အသွေးဖြင့် ဆန်စပါးများ စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရန်အတွက်အခြေခံကျသော စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး အစိုးရ၊စက်ပိုင်ကုန်သည်၊ လယ်သမား လယ်ယာကဏ္ဍနှင့် ဆက်စပ်နေသူအားလုံးကျရာကဏ္ဍမှ တက်ညီလက်ညီ ကြိုးစားအားထုတ်ဖို့ လိုအပ်လှပါကြောင်း။ ။

မြန်မာ့အလင်း