မိုးကောင်း၊ ပင်လည်ဘူး၊ နောင်ချိုနှင့် နမ့်ခမ်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၁ နိုဝင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၀ ရက် ည ၉ နာရီခွဲတွင် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၊ အိမ်အမှတ်(၁၇၀)နေ မောင်ငယ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၇ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၁,၈၈၀ တို့ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခန့်က ကသာခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပင်လည်ဘူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအနီးတွင် ပင်လည်ဘူးမြို့မှ ကောလင်းမြို့သို့ ဇော်ဝင်းမောင်းနှင်ပြီး သန်းဝင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁၈၄၀ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၈၀၀ ကိုလည်းကောင်း၊ အလားတူ ထိုနေ့ မွန်းတည့် ၁၂ နာရီခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သက်ပိုင်ဦး(ခ)သက်နိုင်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ တို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နမ့်ခမ်းမြို့နယ်၊ နမ္မတီးကျေးရွာအနီး၊ နမ့်ခမ်း-မုံးဝီးသွားကားလမ်းတွင် ထန်ကြားကြိုင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၅ ကီလိုကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်           စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား