မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့

၁၂ ဇူလိုင်

 

အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်း တက္ကသိုလ်ကြီးအချို့နှင့် သမ္မတ ဒေါ်နယ် ထရမ့်တို့အကြား တင်းမာမှုလက္ခဏာများ ပြသလာနေသည်ဟု နိဒါန်းချီထားသော “နယူးယောက်တိုင်းမ် သတင်းစာကြီး၏ ဖော်ပြချက်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ထွေထွေလည်လည် ဆန်းဆန်းပြားပြား ဘာတွေများဖြစ်နေသနည်းဟု ကျွန်ုပ်၏ အတွေးရေလျဉ်ကြောဝယ် တဝဲလည်လည်၊ တအုံနွေးနွေး ဖြစ်မိလေ၏။

 

အမေရိကန်ပြည်ထောင်စု မက်ဆာချူး ဆက်ပြည်နယ် ကင်းဘရစ်ခ်ျမြို့ရှိ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကြီးနှင့် ယင်းပြည်နယ်၌ ပင်တည်ရှိသော မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်ကြီးတို့သည် “ပြည်ဝင်ဗီဇာ ဆုံးရှုံးရအံ့သော အခြေအနေသို့ရောက်ရှိနေ သည့် နိုင်ငံခြားသား ကျောင်းသူ ကျောင်းသားများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် တရားရုံးတစ်ရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ ရာမှ သမ္မတထရမ့်နှင့် တက္ကသိုလ်ကြီးအချို့ အကြား တင်းမာမှုတံပိုးလှိုင်းများ အပြန်အလှန် ပုတ်ခတ်နေကြပုံကို ကျွန်ုပ်အလေးမူ မိလေသည်။

 

သွတ်သွင်းနေ

 

အမေရိကန်ရှိ တက္ကသိုလ်ကြီးအချို့သည် နိုင်ငံတကာကျောင်းသူ ကျောင်းသားများအား မတူကွဲပြားသော ဝါဒသဘောတရားများကို သူတို့၏ဦးနှောက်အတွင်းသို့ စိမ့်ဝင်အောင် သွတ်သွင်းနေသည်ဟု သမ္မတထရမ့်က ဝေဖန်ခဲ့ပြီး ပညာရေးအဖွဲ့အစည်းများ ရရှိခံစားနေ သော အခွန်အတုပ် လွတ်ငြိမ်းသက်သာခွင့်များကို ဖြတ်တောက်ပစ်မည်ဟုလည်း သမ္မတ က ခြိမ်းခြောက်ခဲ့သည်ဆို၏။

 

ယခုနှစ် ဆောင်းဦးပေါက်ရာသီမှ အစပြု မည့် စာသင်ကာလတွင် ကျောင်းသင်ခန်းစာ များကို “အွန်လိုင်း အပြည့်အဝ အသုံးပြု၍ သင်ကြားပေးမည့် တက္ကသိုလ်၊ ကောလိပ်များ တွင် တက်ရောက်နေကြသော ကျောင်းသူ ကျောင်းသားများ၏ ဗီဇာကို ပြန်လည် ပယ်ဖျက်ရန် သမ္မတထရမ့်၏ အစိုးရအဖွဲ့က စီစဉ်လျက်ရှိ၏။ နိုင်ငံခြားကျောင်းသူ ကျောင်းသားများအား ဖက်ဒရယ်စည်းမျဉ်း သစ်များအရ ကိုင်တွယ်လာမည့်အရေးကို တက္ကသိုလ်များက ပြန်လည်စိန်ခေါ်သည့် အနေဖြင့် ဟားဗတ်တက္ကသိုလ်နှင့် မက်ဆာ ချူးဆက် နည်းပညာတက္ကသိုလ်တို့က အစိုးရ ကို တရားစွဲဆိုခဲ့၏။

 

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန(အိုက်စ်)နှင့် အမိမြေ လုံခြုံရေးဌာနတို့က နိုင်ငံတကာကျောင်းသူ ကျောင်းသားများ၏ဗီဇာကို ပြန်လည်ရုပ်သိမ်းနိုင်ရန် အရေးယူဆောင်ရွက်လာခြင်း မရှိစေရန် တရားရုံးတော်က ယာယီဟန့်တား ပေးရန် အဆိုပါတက္ကသိုလ်ကြီး နှစ်ခုတို့က ဦးတိုက်လျှောက်ထားခဲ့ကြသည်။

 

အကယ်၍သာ ဗီဇာဖျက်သိမ်းခံရပါက အမေရိကရောက် သိန်းနှင့်ချီသော နိုင်ငံ တကာ ကျောင်းသူ ကျောင်းသားများ ဘ၀နှင့် ချီသော ဆုံးရှုံးနစ်နာမှုများနှင့် တွေ့ကြုံရလိမ့် မည်ဟု တက္ကသိုလ်ကြီးများက စောဒကတက် ကြသည်။

 

ကျောင်းသားဗီဇာ

 

နိုင်ငံတကာကျောင်းသားများ လက်ဝယ်ရှိ “အက်ဖ်-တစ် ကျောင်းသားဗီဇာများ တရားဝင်သည့် ဗီဇာများအဖြစ် ဆက်လက် ရပ်တည်နိုင်ရန် ယင်းဗီဇာ ကိုင်ဆောင်ကြသော ကျောင်းသူ ကျောင်းသားများသည် လူကိုယ်တိုင်တက်ရောက်ရသည့် စာသင် ကျောင်းတစ်ကျောင်းတွင် လက်ရှိ တက်ရောက် နေသူအဖြစ် အထောက်အထား အခိုင်အလုံ တင်ပြရန် လိုအပ်ပေလိမ့်မည်။

 

အမေရိကန်တွင် ပြန်လည်ဖြေလျှော့ရေး အစီအမံများအရ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လာကြချိန်တွင် အမေရိကန်အစိုးရအဖွဲ့က ဇူလိုင် ၆ ရက်တွင် ကျောင်းသားဗီဇာဆိုင်ရာ စည်းမျဉ်းသစ်များကို အပူတပြင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အမေရိကန်တွင် တက္ကသိုလ်၊ ကောလိပ်ကျောင်း အများစုမဟုတ်သည့်တိုင်အောင် တက္ကသိုလ်၊ ကောလိပ်ကျောင်း အများအပြားက ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် လုပ်ကိုင်လျက်ရှိကြသည်။

 

ဘော်လတီမိုးမြို့ရှိ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်နှင့် ကာလီဖိုးနီးယားပြည်နယ်ရှိ တက္ကသိုလ်များကလည်း အစိုးရကို အလားတူပင် တရားစွဲဆိုလျက်ရှိကြကုန်၏။ အခြားသော တက္ကသီလာများသည်လည်း ထိပ်တန်း တက္ကသိုလ်ကြီးများ၏ ဥပဒေနှင့်အညီ စိန်ခေါ်မှုများကို ထောက်ခံလျက်ရှိကြကုန်၏။

 

ဗီဇာအရေးနှင့်ပတ်သက်၍ တက္ကသိုလ်ကြီးများ၏ ဆူညံပူညံလုပ်လာမှုကို သည်းမခံသော သမ္မတထရမ့်က တက္ကသိုလ်များရရှိခံစားနေသော အခွန်လွတ်ငြိမ်းခွင့်နှင့် ရန်ပုံငွေတို့ကို ဖြတ်တောက်ရန် ဘဏ္ဍာရေးဌာနအား မိမိညွှန်ကြားမည်ဟု “တွစ်တာ မှတစ်ဆင့် တုံ့ပြန်ခဲ့သည်။ တက္ကသိုလ်အချို့သည် ပညာစစ်စစ်ကို သင်ကြားပေးမည့်အစား “လက်ဝဲ နိုင်ငံရေးအတွေးအခေါ်များကို ကျောင်းသူ ကျောင်းသားများ၏ ဦးနှောက်အတွင်း စွဲငြိသွားစေရန် သွတ်သွင်းမှုများ ပြုလုပ်နေသည် ဟုလည်း သမ္မတထရမ့်က ဝေဖန်ခဲ့သည်။

 

တစ်သန်းကျော်ရှိ

 

အမေရိကန် ပြည်ထောင်စုသည်ကား ကမ္ဘာပေါ်တွင် နိုင်ငံခြားသား ကျောင်းသူ ကျောင်းသားဦးရေ အများဆုံးလက်ခံထားသည့် နိုင်ငံကြီးတစ်နိုင်ငံပါပေတည်း။

 

အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားဦးရေ တစ်သန်းကျော်ရှိနေပြီး အထက်တန်းပညာရပ်များကို ဆည်းပူးလေ့လာကာ ဘဝအတွေ့ အကြုံများကို တိုးချဲ့နေကြ၏။ အမေရိကန်ရှိ အဆင့်မြင့်ပညာရေးလောက၏ တက္ကသိုလ်၊ ကောလိပ်များတွင် ကျောင်းအပ်နှံသော ကျောင်းသူ ကျောင်းသားဦးရေ စုစုပေါင်း၏ ငါးရာခိုင်နှုန်းခန့်မှာ နိုင်ငံခြားသားများဖြစ်ကြပြီး နိုင်ငံတကာကျောင်းသား ဦးရေမှာလည်း တိုးပွားနေ၏။

 

သို့ရာတွင် ကိုဗစ်-၁၉ တည်းဟူသော ကမ္ဘာ့ကပ်ရောဂါဆိုး သောင်းကျန်းလာနေချိန် တွင် ရောဂါပိုးကူးစက်မှုထိန်းချုပ်ရေး အစီ အမံများအရ အမေရိကန်အပါအဝင် နိုင်ငံတကာတွင် အွန်လိုင်းအသုံးပြုသော စာပေသင်ကြားမှုစနစ်သို့ ပျာပျာသလဲ ပြောင်းလဲ လာကြရသဖြင့် နိုင်ငံတကာကျောင်းသူ ကျောင်းသားများမှာ ပြည်ပတွင် ဆက်လက် နေထိုင်ရန် အခွင့်အခါမသင့်တော့ပြီ။

 

အွန်လိုင်းသက်သက် သင်တန်းများပို့ချမှု စနစ်သို့ တက္ကသိုလ်များအသွင် ကူးပြောင်း ကြမည်ဆိုလျှင် နိုင်ငံခြား ကျောင်းသူ ကျောင်းသားများမှာ ပညာဆုံးခန်း မတိုင်မီ အမိမြေသို့ ပြန်လည်ထွက်ခွာရခြင်း (သို့မဟုတ်) ပြည်နှင်ခံရခြင်းတို့နှင့် ရင်ဆိုင် လာရပေမည်။

 

ပြောင်းလဲလာ

 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖိစီးနှိပ်စက် မှုကြောင့် ကျွန်ုပ်တို့၏ကမ္ဘာကြီးသည် မူလ အနေအထားသို့ ပြန်လည်ရောက်ရှိရန် ဝေးကွာနေဆဲကာလတွင် “အသစ်ဖြစ်သော မူလအနေအထား (ဝါ) “New Normal”ကို လူသားတို့ လက်ခံလာကြရချိန်တွင် လူမှုရေး ဘဝပုံစံများ ပြောင်းလဲလာရကား ပညာရေး အသိုက်အဝန်းမှာလည်း အွန်လိုင်းသက်သက် သင်ကြားမှုပုံစံဘက်သို့ ဦးလှည့်လာရခြင်း ဖြစ်သည်ဟု ကျွန်ုပ်တွေးတောမိ၏။

 

ကမ္ဘာ့နိုင်ငံများတွင် ကျန်းမာရေးအရ ခြေချုပ်ချမှုကို ပြန်လည်ဖြေလျှော့လာချိန် တွင် အမေရိကန်ရှိ ပညာရေးဆိုင်ရာအဖွဲ့ အစည်းများက စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိကြ လေသည်။

 

သို့ရာတွင် မပြီးဆုံးနိုင်သေးသော ကပ်ရောဂါဆိုးကြီး၏ ခြိမ်းခြောက်မှုမှာ ကြီးမားနေဆဲဖြစ်ပေရာ “အသစ်ဖြစ်သော မူလအနေအထား နှင့်အညီ ကျောင်းများကို မည်သို့မည်ပုံ ပြန်လည်ဖွင့်လှစ်နိုင်ပါမည်နည်း ဟု ဆွေးနွေးငြင်းခုန်မှုများ ပြင်းထန်လျက်ရှိ သည်။

 

စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ဆိုတာ လူတိုင်း လိုလားတဲ့အချက်ပါ ဟူ၍ သမ္မတ ထရမ့်က ပြောကြားခဲ့သည်။ သူ့နည်းတူပင် ကျောင်းသားမိဘများကလည်း ကျောင်းဖွင့် ချင်ကြသည်။ ကလေးများကလည်း ကျောင်း တက်လိုကြပြီ။

 

အရေးကြီးသည်မှာ ဘယ်ပုံဘယ်နည်း ကျောင်းဖွင့်နိုင်မည်နည်းဟူသော မေးခွန်း၏ အဖြေဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုး ဆဲနိုင်ငံများအကြား ကျောင်းဖွင့်နိုင်ပုံ၊ ဖွင့်နိုင် မည့် နည်းတို့မှာလည်း ကွဲပြားပေလိမ့်မည်။ ချမ်းသာသောနိုင်ငံများတွင် အင်တာနက် ဆက်ကြောင်းက ကောင်းမွန်၊ လူတိုင်း ကွန်ပျူတာ ပိုင်ဆိုင်၊ လျှပ်စစ်မီးက ဖောချင်း သောချင်း ဖြစ်လင့်ကစား ဆင်းရဲသောနိုင်ငံ များတွင်မူ အလားတူ ပြည့်စုံမှုများ မရှိနိုင်ချေ။

 

ကိုရိုနာပိုးက ကမ္ဘာပတ်၍ ရွပိုးထိုးနေ ခြင်းကြောင့် ကမ္ဘာတစ်လွှားရှိ လူမွဲတိုင်းပြည် များတွင် သန်းနှင့်ချီအရေအတွက်ရှိ ကလေး သူငယ်များ ပညာရေးဆိုင်ရာ ဆုံးရှုံးမှုများကို တွေ့ကြုံနေကြရသည်ဟု ကျွန်ုပ်လေ့လာမိ၏။

 

အကျိုးသက်ရောက်မှု ကြီးမားလှသော ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် ပညာရေး လောကကြီးတစ်ခုလုံး ထိခိုက်ရမည်ဆိုပါလျှင် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှာ လည်း မျိုးဆက်အလိုက်ပင် ထိခိုက်ရဖွယ် ရှိနေသည်။ ကျောင်းတံခါး ပိတ်ထားရ၊ ခေါင်းလောင်းသံ တိတ်ထားရ၊ ကစားကွင်း သော့ခတ်ထားရချိန်တွင် ဖူးပွင့်စအရွယ် သားသားမီးမီးတို့ခမျာ ဘဝဖွံ့ဖြိုးမှုအတွက် ရုန်းထနိုင်စွမ်း မရှိတော့ပြီ။ မိဘကိုယ်တိုင် ပညာတတ်သဖြင့် မိမိ၏သားသမီးများကို နေအိမ်၌ပင် စာသင်ပေးနိုင်သည်ထားဦး၊ အိမ်မှာမရနိုင်ဘဲ ကျောင်းမှာသာရရှိနိုင်သော “လူမှုဆက်ဆံရေး အမြင်စွမ်းရည် ကဲ့သို့သော စွမ်းရည်များကို ကျောင်းသူ ကျောင်းသားများ ရရှိနိုင်ခွင့် ဆုံးရှုံးရပေလိမ့်မည်။

 

စုပေါင်းလုပ်ကိုင်နိုင်စွမ်း၊ ယှဉ်ပြိုင် လုပ်နိုင်စွမ်း စသည့်စွမ်းရည်များကို စာသင် ကျောင်းများ၌သာ ဖန်တီးပေးနိုင်ပေသည်။

 

ယနေ့လူငယ် နောင်ဝယ်လူကြီး

 

ပြည်သူများ၏ ရင်သွေးများအတွက် ဉာဏ်ပညာ တိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့် ခြင်း(ဝါ) ပညာပါရမီအတွက် အခြေခံကျလှသော စာသင်ကျောင်းများ စည်ပင်ဖွံ့ဖြိုးပါမှ ယနေ့လူငယ် နောင်ဝယ်လူကြီးတို့၏ အမှား အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း မြင့်မားပြီး သကာလ နိုင်ငံတော် တိုးတက်ရှင်သန်မည်ဟု ကျွန်ုပ်တွေးတောမိ၏။

 

လူမှုသိပ္ပံပညာရပ်ဖြစ်သော ပညာရေး ဟူသည် သင်ကြားခြင်းနှင့် သင်ယူခြင်းတို့နှင့် ဆက်နွှယ်နေသော ကျွမ်းကျင်မှု ဖန်တီးပေးရာ ပင်မ မဏ္ဍိုင်ကြီးဖြစ်၏။ နက်နဲသိမ်မွေ့လှ သော အသိပညာဆိုင်ရာ ဗဟုသုတများကို ပေးစွမ်း၏။ မိမိလိုချင်သော သုတများကို နှိုက်ယူနိုင်စွမ်းပေးသောနေရာ၊ ဆိုးသွမ်းလို သော စိတ်ဓာတ်များကို ကောင်းမြတ်သော “မနသိကာရ (ဝါ) မိမိစိတ်၏ နှလုံးသွင်းမှု အဖြစ်သို့ ပြောင်းလဲပေးသောနေရာမှာ စာသင် ကျောင်းများဖြစ်ကြ၏။ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အဆင့်ဆင့် လက်ဆင့်ကမ်းပေးနိုင်သော လူမှုရေးအသိ တရားများ ကိန်းဝပ်ရာ “ပန်းတိုင်ကို လှမ်းကိုင် နိုင်သည့်နေရာလည်းဖြစ်၏။

 

အစဉ်အလာ ပညာရေး မှသည် “ဘဝ တစ်သက်တာ ပညာရေး အထိ မျှော်မှန်းချက် ကြီးမားလှသော ပညာရေးစနစ်သည် ကမ္ဘာ့ ကပ်ရောဂါဆိုးကြောင့် ယိမ်းယိုင်လှုပ်ရှား သွားရမည်ဆိုပါလျှင် ကျွန်ုပ်တို့၏ကမ္ဘာကြီး သာယာဝပြောမှု၊ စည်ပင်မှု၊ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ ထိခိုက်ရလိမ့်မည် ဟု ကျွန်ုပ်တွေးတောမိ၏။

 

ကလေးသူငယ်များ၏ ဉာဏ်ရည် ဉာဏ်သွေးဖွံ့ဖြိုးခြင်းကို ထိန်းကျောင်းပေး နိုင်ရန် အခြေခံအကျဆုံးဖြစ်သော စာသင် ကျောင်းများသည် ကမ္ဘာ့ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် စီမံဆောင်ရွက်ရ ခြင်းကြောင့် အခိုက်အတန့်အားဖြင့် ပိတ်ထား ရသည်။ သို့ရာတွင် စာသင်ကျောင်းများပိတ် ထားရခြင်းဖြင့် ဖြစ်ပေါ်လာနိုင်အံ့သော ဆိုးကျိုးသက်ရောက်မှုများမှာ လွန်စွာကြီးမား နိုင်သဖြင့် ကျန်းမာရေး အစီအမံများနှင့်အညီ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် လိုအပ်လာပြီ ဖြစ်သည်။

 

ဆုံးရှုံးရ

 

ယခုနှစ် ဧပြီလဆန်းမှစ၍ ကမ္ဘာ့တစ်ဝန်း တွင် ၁ ဒသမ ၅ ဘီလီယံ အရေအတွက်ရှိ ကလေးသူငယ်များအပါအဝင် လူငယ်များမှာ နေအိမ်များတွင်သာ နေထိုင်နေကြရသဖြင့် သူတို့၏ပညာရေးအခွင့်အလမ်းများ ဆုံးရှုံး ရမှုသာမက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို လည်း ဖြစ်ပေါ်စေခဲ့သည်။

 

ကလေးများ၏ အသိဉာဏ်ရင့်သန်မှု၊ စိတ်ဓာတ်မြင့်မြတ်မှု၊ စည်းကမ်းကောင်းမွန် မှု၊ ကြံရည်ဖန်ရည်ရှိမှု၊ လုပ်ရည်ကိုင်ရည်ရှိမှု၊ ကိုယ်ကျင့်တရားပြည့်ဝမှု၊ ပညာလည်း တတ်စေ၊ စာလည်းတတ်စေ ဖြစ်စေမှု၊ စာတွေ့ နှင့် ကိုယ်တွေ့တို့ကို ပေါင်းစပ်ကာ ထိုးထွင်း သိမြင်အောင် ကြိုးပမ်းမှု စသည်တို့အတွက် အခြေခံကျကျ ဖြည့်ဆည်းပေးနေသော စာသင်ကျောင်းမှ ခေါင်းလောင်းသံ တလွင်လွင်၊ ခေါင်းလောင်းသံ တချိုချို ပေါ်ထွက်လာ မည့်အချိန်ကို ကျွန်ုပ် ငံ့မျှော်မိရင်း “မျိုးဆက် သစ်တို့ တိုးတက်ရစ်ဖို့ ဟူ၍ ကျူးရင့်မိပါ သတည်း။ ။

 

ကိုရင်ဩ

SOURCE: Harvard and M.I.T. Sue to Stop Trump Visa Rules for Foreign Students -- The NEW YORK TIMES