မိုးအေးအေးနဲ့ လေ့လာစရာ ရန်ကုန်စတော့ ဈေးကွက်ပါ

ရှင်နော်

 

ရန်ကုန်မိုးက စိတ်ရှည်ရှည် ရွာပေးနေ၍ထင် ဤရက်ပိုင်း ရာသီဥတုက တဖြည်းဖြည်း အအေးဓာတ်က ပိုလာနေသည်။ ရန်ကုန်မြေ နေရာအတော်များများက ကွန်ကရစ်သမံတလင်းများ နေရာယူထားမှုကြောင့် မိုးရေက မြေသားထဲစိမ့်ဝင်မှုနည်းပါးနေသည်။ တော်ရုံသင့်ရုံရွာသောမိုးက ရန်ကုန်မြေထုထဲ မရောက်သဖြင့် မိုးဦးစတွင် ရန်ကုန်ရာသီဥတုက ပူနေတတ်သည်။ ကိုဗစ်နှင့်ပတ်သက်၍ ရက်ထပ်တိုးသည့် သတင်းထွက်ပေါ်လာသော်လည်း မျှော်လင့်ပြီး အခြေအနေဖြစ်သောကြောင့် ရန်ကုန်လူထုအနေဖြင့် စိတ်လှုပ်ရှားမှု သိပ်မရှိခဲ့ချေ။

 

ပြောင်းလဲလုပ်ကိုင်ရန်လို ကူးစက်ရောဂါဆိုးကြောင့် အသွားအလာ လျှော့ချထားချိန်၊ လူမစုမိအောင် သီးသီး သန့်သန့်နေထိုင်ချိန်တွင် ရန်ကုန်လူထုအတွက် အိမ်တွင်နေထိုင်ရင်း နိုင်ငံတကာအဆင့်မီ ရင်းနှီးမြှုပ်နှံတတ်စေရန်၊ အပိုဝင်ငွေရှာနိုင်ရန်အတွက် ရန်ကုန်စတော့အိတ်ချိန်းအကြောင်း သတင်းကောင်းပါးလိုပါသည်။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတစ်နိုင်ငံ၊ မြို့တော်တစ်ခုအဖြစ် တည်ဆောက်ရန် နိုင်ငံသူ နိုင်ငံသား၊ မြို့သူ မြို့သားများ၏ အခြေခံစီးပွားရေး အဆောက်အအုံများ ပြောင်းလဲလုပ်ကိုင်ရန် လိုအပ်ပါသည်။ လမ်းဘေးဈေးသည်များဘဝ၊ နေ့ပြန်တိုးချေးစားသူများဘဝမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင်သူများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း လုပ်ကိုင်သူများအဖြစ် ပြောင်းလဲလုပ်ကိုင်ရန် လိုအပ်ပါသည်။ ထိုသို့ လုပ်ငန်း ပြောင်းလဲရန်အတွက် ပထမဦးစွာ လေ့လာ သင်ယူခြင်းဖြင့် စတင်ရပါမည်။

 

လွယ်လင့်တကူ သင်ကြားနိုင် ရန်ကုန်သူ ရန်ကုန်သား စာဖတ်သူများအနေဖြင့် အိမ်တွင်နေရင်း ရန်ကုန်စတော့ ရှယ်ယာဈေးကွက်နှင့် ပါဝင်ရောင်းချနေသော ကုမ္ပဏီများအကြောင်း၊ လေ့လာသိရှိထားရန် အချက်အလက်များအကြောင်းတို့ကို ရန်ကုန်စတော့အိတ်ချိန်းမှ အခါအခွင့်သင့်သလို သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့်အတွက် ရန်ကုန်စတော့အိတ်ချိန်းမှ စတော့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဗဟုသုတများ အကြောင်းကို လွယ်လင့်တကူ သင်ကြားနိုင်ရန်အတွက် အွန်လိုင်းအသုံးပြုကာ အခြေခံ စတော့ ရင်းနှီးမြုပ်နှံမှုသင်တန်းကို မကြာခင်က ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ သည်။ ယင်းသင်တန်းကို စီးပွားရေးနှင့် ဘဏ္ဍာ ရေးပညာရပ်များအား လေ့လာဆည်းပူးနေသော ကျောင်းသားများ၊ စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများ၊ ဘဏ် လုပ်ငန်းနှင့်ဘဏ္ဍာရေးကုမ္ပဏီများတွင် အလုပ် လုပ်ရန် ရည်မှန်းထားသူများ၊ ဘဏ္ဍာရေးဈေးကွက်တွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခြေခံမှစ၍ လေ့လာလိုသူများ အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

တစ်ဆင့်မေးမြန်းနိုင် Online Basic Stock Investment Training Course – 001/2020 သင်တန်းကို ဇွန်လ ၂၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် စနေနေ့နံနက် ၉ နာရီတွင် သင်တန်းအပတ် စဉ်အလိုက် သက်ဆိုင်သည့်သင်ခန်းစာများ အတွက် ပို့ချမှုပါဝါပွိုင့်များ၊ သင်ကြားမှုဗီဒီယို ဖိုင်များ၊ ဆန်းစစ်ချက်မေးခွန်းများကို Google Classroom မှတစ်ဆင့် Upload ပြုလုပ် ပေးမည်ဖြစ်ပြီး သင်ခန်းစာနှင့် ပတ်သက်၍ မေးမြန်းလိုပါက Class Comment Box မှတစ်ဆင့် မေးမြန်းနိုင်ကြောင်း သိရသည်။

 

သင်တန်းသားများအနေဖြင့် မိမိအိမ်တွင် နေထိုင်ရင်း သီတင်းငါးပတ်အတွင်း မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်များအကြောင်း၊ စာရင်းဝင်ကုမ္ပဏီများအကြောင်းနှင့် စတော့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဗဟုသုတများကို တစ်နေရာတည်းတွင် ရရှိသင်ကြားနိုင်ရုံ သာမက မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ မိုဘိုင်းဖုန်း၊ ကွန်ပျူတာများမှ အင်တာနက်ရှိရုံဖြင့် တက်ရောက်သင်ကြားနိုင်ကြောင်း သိရသည်။ သင်တန်းတွင် ရန်ကုန်စတော့အိတ်ချိန်း၌ လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာများ သာမက ပြင်ပမှ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကလည်း သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်သွယ်မေးမြန်းနိုင်

 

အွန်လိုင်းအသုံးပြု အခြေခံစတော့ ရင်းနှီးမြှုပ်နှံမှုသင်တန်းကို Google Classroom Application အသုံးပြုပုံ (User Manual Guide) အား သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းမှု အတည်ပြုပြီးပါက အီးမေးလ်ဖြင့် ပေးပို့မည်ဖြစ်ပြီး Application အသုံးပြုပုံနှင့်ပတ်သက်သည့် မရှင်းလင်းသည့် အချက်အလက်များရှိပါက ဖုန်းနံပါတ် ၀၉-၇၅၈၉၈၁၅၉၁ (သို့) ရန်ကုန်စတော့ အိတ်ချိန်း၏ ဖေ့စ်ဘွတ်မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

ဈေးကစားခြင်းကို စိတ်ဝင်စားသူတို့ အတွက် ရန်ကုန်စတော့ဈေးကွက်သည် စိတ်ဝင်စားဖွယ်ကောင်းသည်။ စတော့ဈေးနှုန်းသည် ဈေးကွက်ထဲတွင် နေ့စဉ်နှင့်အမျှ အပြောင်းအလဲဖြစ်နေသည်။ ရက်အလိုက် အချိန်နှင့်အမျှ အချို့စတော့ရှယ်ယာများသည် အတက်ဈေးရှိသကဲ့သို့ တချို့ကုမ္ပဏီများ၏ စတော့ရှယ်ယာများသည် အကျဈေးဖြစ်နေ တတ်သည်ကို တွေ့ရလေ့ရှိသည်။ စတော့ဈေး တက်ခြင်း၊ ကျခြင်းတွင် နောက်ခံအကြောင်း ရင်းများစွာ ရှိနိုင်သည်။ စတော့ရှယ်ယာ ထုတ်ရောင်းသောကုမ္ပဏီ၏ဝင်ငွေ၊ ရှယ်ယာရှင် များအပေါ်ပေးသော အမြတ်ငွေပေါ်တွင် မူတည်နိုင်သလို၊ လုပ်ငန်းအသစ်များ လက်ခံအလုပ်လုပ်နေမှု၊ ကုမ္ပဏီကို ဦးဆောင်နေသည့် ဒါရိုက်တာအဖွဲ့၊ ထိုသူတို့၏ အပြောင်းအလဲ၊ ကျွမ်းကျင်မှုပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျ ဖြစ်လေ့ရှိသည်။ အစုရှယ်ယာရောင်းချ သော ကုမ္ပဏီ၏ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေ၊ စာရင်းဇယား မှန်ကန်အောင် ဆောင်ရွက်ထားမှုအခြေအနေ၊ ကုမ္ပဏီ၏ ရပ်တည်မှုအနေအထားပေါ် မူတည်၍လည်း ရှယ်ယာဈေးနှုန်းအပြောင်းအလဲက ဖြစ်တတ် သည်။ ထိုထက်ပိုမိုအရေးကြီးသည်က အစိုးရ၏ မူဝါဒ၊ နိုင်ငံတော်အစိုး‌၏ စီးပွားရေးမူဝါဒ၊ နိုင်ငံရေးမူဝါဒများ အပေါ်လိုက်ပြီး ပြောင်းလဲ တတ်သည့်အနက် စီးပွားရေးမူဝါဒထဲတွင် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်ရေး မူဝါဒတို့အပေါ်လိုက်ပြီး ပြောင်းလဲတတ်သည်။ နိုင်ငံရေးမူဝါဒများကြောင့် သက်ရောက် မှုရှိနိုင်သလို သဘာဝဘေးမူဝါဒများကြောင့်လည်း စတော့ဈေး အပြောင်းအလဲအပေါ် သက်ရောက်မှုရှိနိုင်သည်။

 

ရန်ကုန်စတော့ဈေးကွက်ကို လေ့လာနိုင်

 

ဒါက စာရေးသူသိသလောက် တင်ပြခြင်းမျှသာ။ စတော့ရှယ်ယာဈေးကွက်က ထိုထက် ပိုမို စိတ်ဝင်စားဖွယ်ကောင်းသည်။ ရန်ကုန်သူ ရန်ကုန်သားတို့အား လေ့လာစေလိုသည်။ သီတင်းတစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ခုနစ်ကြိမ်အထိ အရောင်းအဝယ်ပြုလုပ်နေသော ရန်ကုန်စတော့ဈေးကွက်က ပါဝင်သူ အရေအတွက်များလာလေလေ လူနေထိုင်မှု ဘဝများကို ပြောင်းလဲပေးနိုင်လေဖြစ်သည်။ မြန်မာငွေကျပ် ထောင်ဂဏန်း၊ သောင်း ဂဏန်းမျှသာရှိသော စတော့ရှယ်ယာတစ်စုမှသည် စတော့ရှယ်ယာအရေအတွက် ပေါင်းများစွာပိုင်ဆိုင်သော လုပ်ငန်းရှင်၊ ရင်းနှီး မြှုပ်နှံသူများအဖြစ် ဘဝတစ်ဆစ်ချိုးအကွေ့သို့ ပြောင်းလဲပေးနိုင်သည့်အတွက် စိတ်ဝင် စားဖွယ်ကောင်းသော ရန်ကုန်စတော့ဈေးကွက်ကို လေ့လာနိုင်ကြရန် တင်ပြလိုက်ရပေသည်။ ။