မိတ္ထီလာတွင် တပေါင်းလပြည့်နေ့၌ သိမ် ၉ သိမ် လှည့်လည်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မိတ္ထီလာ  ၁၇  ဖေဖော်ဝါရီ 

မိတ္ထီလာတွင်  နှစ်စဉ်ကျင်းပလျက်ရှိသည့် ၁၄ ကြိမ်မြောက် မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် နဝမအကြိမ်မြောက် သိမ် ၉ သိမ်  လှည့်လည်ပူဇော်ပွဲကို    (တပေါင်းလပြည့်နေ့ ) မတ်လ ၈  ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဒီနှစ်   တပေါင်းလပြည့်နေ့မှာလည်း  သိမ် ၉ သိမ် လှည့်ပူဇော်ပွဲကို ယခင်နှစ်များကအတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မနှစ်က သိမ် ၉ သိမ်လှည့်လည်ပူဇော်ပွဲမှာ ဒေသခံပြည်သူ  ဘုရားဖူးဧည့်သည် ၉၀၀၀ ကျော်လိုက်ပါခဲ့တယ်။မော်တော်ယာဉ်စီးရေ ၃၃၀ စီးကျော် နဲ့အခမဲ့ပို့ဆောင်ပေးခဲ့ပြီး နေ့လည်စာလည်း အလှူရှင်တွေကကျွေးမွေးလှူဒါန်းပါတယ်။ဒီနှစ်လည်း သိမ် ၉ သိမ် လှည့်လည်ပူဇော်ပွဲမှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ဘုရားဖူးဧည့်သည် ၉၀၀၀ ကျော်ပါဝင်လိုက်ပါ ပူဇော်မယ်လို့ခန့်မှန်းထားပါတယ်။ သိမ် ၉ သိမ် လှည့်လည်ပူဇော်ပွဲကို ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ရပ်ကွက်များနဲ့ ကျေးရွာများကစေတနာရှင်အလှူရှင်တွေ၊ မြို့မိမြို့ဖတွေသိမ် ၉ သိမ်လှည့်လည်ပူဇော်ကျင်းပရေး ကော်မတီတို့ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပြီး ဒီနှစ်ပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် မနေ့က ဖေဖော်ဝါရီ ၁၁ ရက်နေ့က စတင်ပြီး မြို့ပေါ်ရပ်ကွက်တွေကို လှည့်လည်အလှူခံနေပါတယ်ဟု  သိမ် ၉ သိမ် လှည့်လည်ပူဇော်ပွဲ ကျင်းပရေး ကော်မတီမှ ဦးကျော်ဇေယျက ပြောသည်။

မိတ္ထီလာတွင် တပေါင်းလပြည့်နေ့တိုင်း ကျင်းပသည့် သိမ် ၉ သိမ်လှည့်လည်ပူဇော်ပွဲနှင့်အတူ တပေါင်းလပြည့်နေ့မှ တပေါင်းလပြည့်ကျော် ၅ ရက်နေ့အထိ  အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲများကို အဆိုပါ သိမ် ၉ သိမ်တွင် နေ့ည မပြတ်ဘဲသံဃာတော်များက ရွတ်ဖတ်ပူဇော်ကျင်းပသည်။  အနော်ရထာမင်းလက်ထက် ရှင်အရဟံမထေရ်မြတ် အမှူးပြုသည့် ရဟန္တာ မထေရ်မြတ်များသိမ်သမုတ်ခဲ့သောအဆိုပါသိမ် ၉ သိမ်မှာယခုအခါ မိတ္ထီလာမြို့နယ်ထဲတွင်သိမ် ၇ သိမ် နှင့်သာစည်မြို့နယ်ထဲတွင် သိမ်နှစ်သိမ်ပါရှိသည်။ ယင်းသိမ် ၉ သိမ် တည်ရှိရာနေရာများမှာ မိတ္ထီလာမြို့နယ်အတွင်းတွင် ဆည်ကုန်းကျေးရွာ ပဲသီတာသိမ်၊ အိုမတွေ့ရွာ ကတ္တူကန်သိမ်၊ ဝက်ကျောက်ရွာဝက်ကျောက်သိမ် ၊ရှင်မြို့ရွာ ရှင်ပင်ကူသိမ် ၊သီရိမင်္ဂလာရပ်ကွက် ထီးသုံးဆင့်သိမ် ၊ ညောင်ဇောက်ရွာသဖန်းသိမ်၊ ကျောင်းရွာကလိန်ခြေသိမ် ၊  သာစည်မြို့နယ်အတွင်း ဘူးရုံရွာ ကူဖြူသိမ်နှင့် ကုန်းတောင်းရွာ ကုန်းတောင်းသိမ်တို့ဖြစ်ကြောင်း သိရသည်။  

ချမ်းသာ ( မိတ္ထီလာ )