မိတ္ထီလာ၌  ပြည်ထောင်စုလွှတ်တော်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်းတစ်ထောင်ပေးအပ်

မိတ္ထီလာ  ၈   ဧပြီ 

မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ၉၅ ခုအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်ထောင်စု လွှတ်တော်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်းတစ်ထောင်ပေးအပ်ပွဲကို ဧပြီ  ၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြည်ထောင်စုလွှတ်တော်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခွင့်ပြုချထားငွေအား စနစ်တကျ စာရင်းဇယားပြုစုသုံးစွဲကြရန်နှင့် လိုအပ်သည်များကို အမှာစကားပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်အတွင်း ပြည်ထောင်စုလွှတ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်မည့်ရပ်ကွက်များနှကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများထံသို့ ခွင့်ပြုချထားငွေများကို  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုးအောင် တို့က ပေးအပ်ခဲ့သည်။ မိတ္ထီလာမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်ထောင်စုလွှတ်တော်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်းတစ်ထောင်ဖြင့် သောက်သုံးရေရရှိရေး၊ လမ်းတံတားပြုပြင်ရေး၊ ပညာရေး  စသည်ကဏ္ဍများတွင် လုပ်ငန်း ၉၅ ခုအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)