မိတ္ထီလာ၌ ၂၇ ကြိမ်မြောက် တန်ဆောင်တိုင်မီးကြာမျှောပူဇော်ပွဲ သုံးရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပ

မိတ္ထီလာ  ၁၂   နိုဝင်ဘာ

 

မိတ္ထီလာ၌    အန္တကူမိုးကောင်းဆုတောင်းပြည့်ရေလယ်စေတီတော်၏ (၂၇) ကြိမ်မြောက် တန်ဆောင်တိုင် မီးကြာမျှော ပူဇော်ပွဲကို နိုဝင်ဘာ ၁ဝ မှ နိုဝင်ဘာ ၁၂  တန်ဆောင်မုန်းလဆန်း ၁၃ရက် နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့အထိ သုံးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။ 

 

 “ အန္တကူမိုးကောင်းဆုတောင်းပြည့် ရေလယ်စေတီတော်ရဲ့  ၂၇ ကြိမ်မြောက် တန်ဆောင်တိုင် မီးကြာမျှော ပူဇော်ပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့ကနေ နိုဝင်ဘာ ၁၂ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ နှစ်စဉ်  တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် မီးကြာမျှောပွဲက အစည်ကားဆုံးနေ့ ဖြစ်ပြီး ဒီနှစ်လည်း မီးကြာမျှောပူဇော်ပွဲလာရောက်လည်ပတ်သူ ကြည့်ရှုသူတွေ ၊ မီးကြာမျှောပူဇော်သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားပါတယ်။အန္တကူ မိုးကောင်း ဆုတောင်းပြည့် ရေလယ်စေတီတော် အနီးက မိတ္ထီလာကန်ရေပြင်မှာ မီးကြာခွက်မျှောပြီး ဆုတောင်းပူဇော်ကြတဲ့ ဒေသခံတွေ ၊ ရပ်ဝေးဒေသကလာတဲ့ ဧည့်သည်တွေနဲ့  မိတ္ထီလာ တန်ဆောင်တိုင် မီးကြာမျှောပူဖော်ပွဲက နှစ်စဉ်စည်ကားပါတယ် ဟု အဆိုပါ စေတီတော် ဂေါပက ဥက္ကဋ္ဌ ဦးခင်ညို က ပြောသည်။

 

မိတ္ထီလာတွင် ယမန်နှစ်က တန်ဆောင်တိုင် ဝင်္ကပါပွဲတော်ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ် ကျင်းပနိုင်ခြင်းမရှိဘဲ နဂါးရုံ မဟာဗောဓိစေတီတော်၏ မသိုးသင်္ကန်း ပြိုင်ရက်ပူဇော်ပွဲနှင့် ဆွမ်းသပိတ် လောင်းလှူပွဲ ၊အန္တကူ မိုးကောင်းရေလည်စေတီတော်၏ မီးကြာမျှော ပူဇော်ပွဲများသာ ကျင်းပခဲ့သည်။  မိတ္ထီလာမြို့ရှိ  သမိုင်းဝင် ရွှေစောလူးစေတီတော် ၊ သမိုင်းဝင် ရွှေမြင်တင် စေတီတော်  ၊ ဓမ္မသုခရွှေစည်းခုံစေတီတော် ၊ ဝမ်းတော်ပြည့်စေတီတော်နှင့် အခြား ဘုရားပုထိုးစေတီတော်များတွင် တန်ဆောင်မုန်းလပြည့်နေ့က ဆီမီးပူဇော်သူ၊ ဘုရားဖူး လာရောက်သူများဖြင့် စည်ကား များပြားခဲ့ကြောင်း သိရသည်။   

 

ချမ်းသာ ( မိတ္ထီလာ)