မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ ၂၀ တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြေသားရေကန်တူးဖော်ခြင်း၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ ၂၆ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် Cash For Work စီမံကိန်းဖြင့် ကျေးရွာ (၂၀)တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော မြေသားရေကန်တူးဖော်ခြင်း၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် လမ်းဘေးဝယ်ယာ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်ကာလ စီးပွားရေးအကျပ်အတည်းကို လျော့နည်းသက်သာစေရန် အထောက်အကူပြုစေပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် Cash For Work စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၂၀)တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇူလိုင် ၂၃ ရက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ Cash For Work စီးမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်ကုန်း၊ ကုန်းတန်း၊ ဂွေးကုန်း၊ တပ်ပိုး၊ ပျော်ဘွယ်၊ ညောင်အိုင်၊ ကံခြားတောင်၊ ကျောက်အိုး၊ ညောင်ပင်ကုန်း၊ သပြေကုန်း၊ ချောင်းနား၊ အိုင်းကြီးလည်၊ ဆူးဖြူကွက်၊ ကျေးသာအိုင်၊ ကန်သာ၊ တောက်ကောက်ကျေးရွာတို့တွင် ကျေးရွာတွင်းလမ်းကို ဂျင်းခင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ရေငံအရှေ့၊ သီးပင်ခင်ကျေးရွာတို့တွင် မြေသားကန်ပြန်လည်ပြုပြင်ခြင်း၊ ရေဝပ်မြောင်းတူးဖော်ခြင်း၊  ကျေးရွာတွင် လမ်းခင်းခြင်းလုပ်ငန်းများနှင့်  ​ဂွေးချိုကျေးရွာတွင် ကျေးရွာတွင်း ရေပိုက်သွယ်တန်းခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် အင်းကျေးရွာတွင် ကျေးရွာပိုင် အသေးစား ဆည်ရေပိုလွှဲပြုပြင်ခြင်း လုပ်ငန်းများကို ကျေးရွာသူကျေးရွာသားများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

ထိုသို့ Cash For Work စီးမံကိန်း ဆောင်ရွက်ခြင်းကြောင်း သောက်သုံးရေအဆင်ပြေခြင်း၊ ကျေးရွာတွင်းလမ်းများ ကောင်းမွန်လာခြင်းနှင့် ရေစီးရေလာ ကောင်းမွန်သည့်အပြင် ကျေးလက်နေပြည်သူများလည်း အလုပ်အကိုင်များရရှိစေပြီး ဝင်ငွေလည်းရရှိခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)