မိတ္ထီလာမြို့နယ်၌ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ကျေးရွာ (၇)ရွာတွင် စက်ရေတွင်းများ တူးဖော်

မိတ္ထီလာ  ၂၇    ဇန်နဝါရီ

 

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသည့် ကျေးရွာ (၇)ရွာတွင် စက်ရေတွင်းများ တူးဖော်ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီတွင် သောက်သုံးရေ အခက်အခဲမရှိစေရန် စီမံချက်များရေးဆွဲ၍ ဘဏ္ဍာရေးနှစ်အလိုက် မြေသားကန်များ တူးဖော်ပေးခြင်း၊ စက်ရေတွင်းများ တူးဖော်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

252

 

 ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာမှ ယခုနှစ် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်  သောက်သုံးရေ လိုအပ်လျက်ရှိသော အိုင့်၊ ဂွေးချို၊ ဖလံကျင်း၊ မကျီးကုန်း၊ ညောင်ပင်လှ၊ မြင်တော်ကန်၊ ဆည်ကုန်း ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇန်နဝါရီလ ပထမပတ်မှ စတင်၍ စက်ရေတွင်များ တူးဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းစက်ရေတွင်းများ တူးဖော် ဆောင်ရွက်ပေးရာတွင် ဂွေးချိုကျေးရွာတွင်   (၄)လက်မ၊ အနက် ပေ ၇၀ဝ ရှိ စက်ရေတွင်းနှင့် ညောင်ပင်လှ၊ ဖလံကျင်း ၊ မကျီးကုန်း၊ အိုင့်ကျေးရွာများတွင် အကျယ်(၄)လက်မ  အနက် ပေ ၄၀ဝရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၀ဝ၀ ဆံ့ အုတ်ရေကန်နှင့်  ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင်  မြင်တော်ကန်ကျေးရွာတွင် (၄)လက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ခြင်း လုပ်ငန်းနှင့် ဆည်ကုန်းကျေးရွာတွင် (၃)လက်မ စက်ရေတွင်း တူးဖော်ခြင်း၊ ရေစက်ရုံနှင့် ရေစင် တည် ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း၊ ၄၀ဝ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများနှင့် ဒီးဒုတ် တောင် ကျေးရွာတွင် အိမ်တိုင်ရာရောက် ရေမီတာသုံးပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ အဆိုပါ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် အရည်အသွေး ပြည့်မီစေရန် မြို့နယ် အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ဆေးခဲ့ပြီး ကျေးရွာရေကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)