မိတ္ထီလာမြို့နယ်၌ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးရွာနှစ်ရွာတွင် မြေသားရေကန် တူးဖော်ပြုပြင်

မိတ္ထီလာ ၂၁ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးရွာနှစ်ရွာတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၁၉ ဒသမ ၆၉ သန်းဖြင့် မြေသားရေကန် တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီတွင် သောက်သုံးရေ လိုအပ်ချက်မရှိစေရန် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ မြေသားရေကန်များ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ သောက်သုံးရေ လိုအပ်လျက်ရှိသော  ပေါက်ပင်အိုင့်ကျေးရွာနှင့် အောင်ပင်သာကျေးရွာတို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၉ ဒသမ ၆၉ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ စက်တင်ဘာ ၁၇ ရက်မှ စတင်ကာ မြေသားရေကန် ပြန်လည်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့ဆောင်ရွက်လျက်ရှိရာမှ အိမ်ခြေ ၂၀၈ အိမ်၊ လူဦးရေ ၁၄၀၀ ဦးရှိသော ကျောက်ဖြူကုန်းကျေးရွာအုပ်စု ပေါက်ပင်အိုင်ကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ၉ ဒသမ ၇၇ သန်းဖြင့် အလျား ပေ ၄၀၀၊ အနံ ပေ ၁၄၀၊ အနက် ၂ ဒသမ ၂၅ ပေရှိ မြေသားရေကန် ပြန်လည်တူးဖော်ပြုပြင်ခြင်းနှင့် အိမ်ခြေ ၉၄ အိမ် လူဦးရေ ၄၆၃ ဦးရှိသည့် ရွှေပန်းတိုင်ကျေးရွာအုပ်စု အောင်ပင်သာကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ၉ ဒသမ ၉၂ သန်းဖြင့် အလျား ပေ ၂၇၀၊ အနံ ပေ ၂၂၀၊ အနက် ၂ ပေရှိ မြေသားရေကန် ပြန်လည်တူးဖော် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုလတ်ထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)