မိတ္ထီလာမြို့နယ်၌ ကျေးရွာသုံးစိုက်ခင်း ဧက ၁၀၀နှင့်  အခြားစိုက်ခင်း ၂၅ ဧကတွင် ပျိုးပင်ပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး

မိတ္ထီလာ  ၁၅ ဇူလိုင် 

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေးရန်အတွက် ကျေးရွာသုံး စိုက်ခင်း ဧက ၁၀၀ နှင့် အခြားစိုက်ခင်း ၂၅ ဧကတို့တွင် ပျိုးပင်ပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သည့် ဒေသတွင်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ၁၉၉၇ ခုနှစ်မှ စတင်၍ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန မိတ္ထီလာမြို့နယ် အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးရာသီတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအနေဖြင့်  ဒေသခံပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်များဖြစ်တဲ့ သစ်၊ တိုင်း ၊ မျော ၊ထင်း အစရှိတဲ့ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကျေးရွာသုံးစိုက်ခင်း ဧက ၁၀၀တွင် ပျိုးပင်ပေါင်း ၅၄၀၀၊ ရေမြေသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည် သာယာလှပစေရန် အခြားစိုက်ခင်း ၂၅ ဧကတွင် ပျိုးပင်ပေါင်း ၃၀၂၅၀ နှင့် အထူးစိမ်းအပင်ကြီး ၄၀၀၀ တို့ကို မေလက စိုက်ပျိုးထူးထောင်ပြီးဖြစ်သည်။ 

 

၎င်းအပြင် ထင်းအစားထိုး အခြားလောင်စာတိုးမြှင့် သုံးစွဲဆောင်ရွက်ခြင်းအနေဖြင့် လစဉ် ကျေးရွာများတွင် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ဒေသခံပြည်သူများ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်လာစေဖို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ 

 

ထို့အပြင် ရေရရှိရေးအတွက် သောက်သုံးရေရှားပါးသည့် တပျော်ကျေးရွာအုပ်စု သဲတောရွာသစ်ကျေးရွာတွင် ဂါလန် ၅၀၀၀ ဆံ့ မိုးရေစုကန်ကို တည်ဆောက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း  အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းကြည်က ပြောကြားခဲ့သည်။

 

မိတ္ထီလာမြို့နယ်အတွင်း၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်  မိုးရာသီတွင် ဖလံကျင်း၊ မုန်တိုင်၊ လျှော်ကန် (တောင်) ၊ ကုန်တန်း စသည့် သစ်တောကြိုးဝိုင်းများနှင့် အခြား စိုက်ခင်း(၂၅)ဧကတို့တွင်  တမာ၊ ယူကလစ်၊ မြန်မာကုက္ကို၊ ရှားစသည့် ပျိုးပင်ပေါင်း ၈၈၂၅၀ ကို စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)