မိတ္ထီလာမြို့နယ် ရွာသာအေးကျေးရွာ၌ မေမြို့ပန်းများ ဈေးကောင်း၍ မေမြို့ပန်းစိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိ

မိတ္ထီလာ ၁၉   ဖေဖော်ဝါရီ

             

မိတ္ထီလာမြို့နယ် ရွာသာအေးကျေးရွာ၌ မေမြို့ပန်းများဈေးကောင်း၍ မေမြို့ပန်းစိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

           

ရွာသာအေးကျေးရွာရှိ ဒေသခံတောင်သူများမှာ မြေအောက်ရေကို အသုံးပြု၍ ကြက်သွန်စိုက်ခင်း များနှင့်အတူ မေမြို့ပန်းများကိုလည်း စိုက်ပျိုးလာကြရာ မေမြို့ပန်းစိုက်ပျိုးရာတွင် တန်ဆောင်မုန်းလတွင် ပျိုးထောင်ပြီး တစ်လအကြာတွင် အကျယ် အလျား ၈ တောင် ၊ အနံ ၄ တောင် ရှိ ကျင်းများကို  ဘောင်ခတ်၍ သဘာဝမြေသြဇာဖြစ်သည့် နွားချေးများထည့်သွင်း၍ ပျိုးပင်များကို ပြောင်းရွှေ့စိုက်ပျိုးကြရသည်။

 

ထိုသို့ စိုက်ပျိုးရာတွင် ရေသွင်းစိုက်ပျိုးရာ ရာသီကုန် တစ်ပေါင်းလအထိ (၇)ရက်တစ်ကြိမ်    ရေသွင်းပေးရကြောင်း ၊ ယခုနှစ်တွင် အကျယ် အလျား ၈ တောင် ၊ အနံ ၄ တောင်ရှိ ကျင်း ၆၀၀ကျော်တွင် ခုနှစ်ရောင်ခြယ်၊ ရိုးစိမ်း၊ ချင်းမိုင်စသည့် ပန်းပင်များကို စိုက်ပျိုးရောင်းချလျက်ရှိသည်။

 

896+9

 

ယင်းသို့ ရောင်းချရာတွင် မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်စျေးများနှင့် နံနက် ၈ နာရီစျေးတွင် ရောင်းချလျက် ရှိသည့် စျေးသည်များက စိုက်ခင်းအထိ လာရောက်ဝယ်ယူ၍ ပြန်လည်ရောင်းချလျက်ရှိပြီး ပန်းပွင့် (၇)ပွင့်ပါ တစ်စည်းကို ယခင်နှစ်က ငွေကျပ် ၁၀၀ နှုန်းသာ ရောင်းချရသော်လည်း ယခုနှစ်တွင် ငွေကျပ် ၂၀၀ မှ ၂၅၀အထိ ရောင်းချရသောကြောင့် မေမြို့ပန်း စျေးနှုန်းများကောင်း၍  မေမြို့ပန်းစိုက်တောင်သူများမှာ စိုက်ပျိုးစရိတ်များအပြင် အမြတ်များရရှိသည်။

 

၎င်းအပြင်  မေမြို့ပန်းများ စိုက်ပျိုးရောင်းချသည့် တောင်သူများမှာ မေမြို့ပန်းများအပြင်  မေမြို့ပန်း မျိုးစေ့များလည်း ထုတ်လုပ်၍ ပြန်လည်ရောင်းချလျက်ရှိသည်။ ထို့သို့ မျိုးစေ့များ ပြန်လည်ရောင်းချရာတွင် ချင်းမိုင်မျိုးစေ့ တစ်ပုလင်းကို ငွေကျပ်(၆၀၀၀၀)နှုန်းဖြင့်  ရောင်းချရပြီး ခုနှစ်ရောင်ခြယ် မျိုးစေ့ တစ်ပုလင်းကို ငွေကျပ် (၁၅၀၀၀)နှုန်းနှင့် ရိုးစိမ်းမျိုးစေ့တစ်ပုလင်းကို ငွေကျပ်(၂၀၀၀၀)မှ(၂၅၀၀၀)အထိ ရောင်းချရသောကြောင့်  မေမြို့ပန်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ရွာသာအေးကျေးရွာမှ မေမြို့ပန်းစိုက်ပျိုးသည့် တောင်သူ ဦးထွန်းရွှေက ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)