မိတ္ထီလာမြို့နှင့် ပိဋကတ်ကျောက်စာတိုက်များ

မောင်သာ(ရှေးဟောင်းသုတေသန)

 

ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းတွင် သာသနာတော် အဓွန့်ရှည် သန့်ရှင်းတည်တံ့စေရန် ရည်ရွယ်လျက် သင်္ဂါယနာတင်ပွဲများကို ခြောက်ကြိမ်ပြုလုပ်ခဲ့ရာ နောက်ဆုံးနှစ်ကြိမ်ကို မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့သည်။ ဘုရားရှင်၏ ပိဋကတ်တော်များ ပျောက်ပျက်ခြင်းမရှိစေရန် ရှေးအခါက သံဃာတော်များသည် ပိဋကတ်သုံးပုံကို နှုတ်ငုံ အာဂုံဆောင်ခဲ့ကြပြီး နောက်ပိုင်းတွင် ပေရွက်များပေါ်၌ မှတ်တမ်းတင်ခဲ့ကြသည်။


သာသနာတော်နှစ် ၂၄၀၀ ကျော်လွန်ချိန်တွင် မန္တလေးမြို့၌ ပဉ္စမသင်္ဂါယနာတင်ပွဲ မကျင်းပမီ ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခဲ့ရာ ကျောက်စာ ၇၂၉ ချပ် ရရှိခဲ့သည်။ ယင်းကျောက်စာများကို မန္တလေးမြို့မဟာ လောကမာရဇိန်စေတီ (ကုသိုလ်တော်ဘုရား) ဝင်းအတွင်း စိုက်ထူခဲ့ရာ ကမ္ဘာပေါ်တွင် အကြီးဆုံးစာအုပ်ဟု ထင်ရှားခဲ့ရုံသာမက မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (Memory of the World) အဖြစ် ယူနက်စ်ကို အဖွဲ့က ၂၀၁၃ ခုနှစ် ဇွန်လတွင် အသိအမှတ်ပြုခဲ့သည်။


ပိဋကတ်တော်ကျောက်စာများ ပြင်ဆင်မှု


ကုသိုလ်တော်ဘုရား ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာ မတင်မီ မြန်မာသက္ကရာဇ် ၁၂၁၈ ခုနှစ်တွင် ရွှေရေး၊ မင်ရေး၊ ကညစ်ရေး သုံးမျိုးဖြင့် ပေရွက်များပေါ်တွင် ရေးကူးခဲ့သည်။ ရေးကူးမည့်စာများကို သာသနာပိုင် ဆရာတော် ဦးစီးသည့် ပိဋကတ်ဆရာတော် လေးပါး၊ စာကြည့်ဆရာတော် အပါး ၃၀၊ စာတည်းဆရာတော် အပါး ၅၀ နှင့် ပိဋကတ်အကျော် ဆရာတော် အပါး ၅၀ တို့က သေချာစွာ ကြည့်ရှုစစ်ဆေးကြပြီးမှ ပိဋကတ်တိုက်စိုး၊ သွေးသောက်ကြီး၊ တိုက်စောင့်၊ အကြပ်၊ အစုရေး၊ ပိဋကတ်ရေး စသော အမှုတော်ထမ်း ၁၀၀ ကျော်တို့က ကညစ်ဖြင့် ရေးကူးခဲ့သည်။ ပိဋကတ်တော်များ ရေးကူးနေစဉ် ဒက္ခိဏရာမဆရာတော်၊ မြင်းဝန်တိုက်ဆရာတော် နှင့် ဆီးဘန်းနီဆရာတော်တို့က ကြပ်မတ်ခဲ့ကြသည်။


ပေမူများအားလုံး ရေးကူးပြီးချိန်တွင် လွှတ်စာရေးများက ထပ်မံစစ်ဆေးပြီး တံဆိပ်တော်ရ စာတည်း၊ စာချ ဆရာတော်များက ထပ်မံတည်းဖြတ်ပေးကြသဖြင့် အမှားအယွင်း လုံးဝကင်းစင်သော ပိဋကတ်သုံးပုံ ပေမူကို ရရှိခဲ့သည်။


ရွှေရေး၊ မင်ရေး၊ ကညစ်ရေး ပေစာထုပ်ပေါင်း ၂၀၀ ကျော်ကို အမရပူရ ပိဋကတ်တိုက်၌ ထားရှိခဲ့ပြီး မန္တလေးမြို့ကို တည်ပြီးချိန်တွင် မန္တလေးတောင်ခြေ၌ မင်းတုန်းမင်း တည်ခဲ့သော ပိဋကတ်တိုက်သို့ ပြောင်းရွှေ့သိမ်းဆည်းခဲ့ကြသည်။ ယင်း ပိဋကတ်တိုက်သည် ကျောက်တော်ကြီး ဘုရား၏ မြောက်ဘက်၊ မန္တလေးတောင်ခြေတွင် ရှိခဲ့ပြီး ယခုအခါတွင် မမြင်တွေ့ကြရတော့ချေ။


မင်းတုန်းမင်းသည် သန့်စင်သော ပိဋကတ်ပေမူများကို မန္တလေးနန်းတွင်းရှိ တန်ဆောင်းသစ်ကြီး၌ မြန်မာ သက္ကရာဇ် ၁၂၂၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် (၁၈၆၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်) တွင် စကျင် ကျောက်ပြားများပေါ်သို့ စတင်ရေးကူးထွင်းထုစေခဲ့ရာ ခုနစ်နှစ် ခြောက်လနှင့် ၁၄ ရက်မျှ ကြာမြင့်ခဲ့ပြီး ၁၂၃၀ ပြည့်နှစ် ကဆုန်လဆန်း ၁၄ ရက် (၁၈၆၈ ခုနှစ် မေလ ၄ ရက်) တွင် ပြီးစီးအောင်မြင်ခဲ့ပြီး စာလုံးများအားလုံးကို ရွှေမင်သွင်းခဲ့သည်။ ပိဋကတ်တော်များကို ကျောက်ထက် အက္ခရာတင်ပြီး သုံးနှစ်အကြာ ၁၂၃၃ ခုနှစ် တန်ခူးလဆုတ် ၁၁ ရက် မြန်မာနှစ်ဆန်း ၁ ရက် (၁၈၇၁ ခုနှစ် ဧပြီလ ၁၅ ရက်) တွင် ပဉ္စမအကြိမ် သင်္ဂါယနာတင်ခဲ့ပြီး ယင်းကျောက်စာ ၇၂၉ ချပ်ကို ပဉ္စမသင်္ဂါယနာတင်မူအဖြစ် သတ်မှတ်ခဲ့သည်။


ကျောက်စာတစ်ချပ်စီကို အုတ်ပြာသာဒ်တိုက် တစ်ခုစီအတွင်း စိုက်ထူခဲ့သဖြင့် ပြာသာဒ်တိုက်ပေါင်း ၇၂၉ တိုက်ရှိသည်။ ကျောက်စာ ပြာသာဒ်တိုက်များ၏ အကြားတွင် ချရားပင်များ၊ ခရေပင်များကို စိုက်ပျိုးခဲ့ရာ ယခုအခါတွင် သက်တမ်း နှစ် ၁၀၀ ကျော်နေပြီဖြစ်ပြီး အချို့သော အပင်များတွင် စိုက်ပျိုးခဲ့သည့် ခုနှစ်သက္ကရာဇ်ကို ဖော်ပြထားသည့် ဆိုင်းဘုတ်ငယ်များ ချိတ်ဆွဲထားသည်။


ပိဋကတ်သုံးပုံ အဋ္ဌကထာနှင့် ဋီကာများ


ထို့အတူ မန္တလေးတောင်ခြေရှိ စန္ဒာမုနိဘုရားဝင်းအတွင်း၌ ပိဋကတ်သုံးပုံကို အကျယ်ဖွင့်ဆိုသည့် အဋ္ဌကထာ နှင့် ဋီကာကျမ်းများကို ကျောက်ထက် အက္ခရာတင်ထားသော ကျောက်စာချပ်များကို ထည့်သွင်းပူဇော်ထားသည့် ဓမ္မစေတီများကို ဖူးတွေ့နိုင်ကြသည်။


ယင်းကျောက်စာချပ်များကို ရသေ့ကြီးဦးခန္တီက မဟာ သံဃရာဇာ တောင်ခွင် သာသနာပိုင်ဆရာတော်၏ ခွင့်ပြုချက်ဖြင့် မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ်တွင် ရေးထိုး စိုက်ထူခဲ့သည်။ သာသနာပိုင်ဆရာတော်သည် ကျောက်စာတွင်ရေးထိုးမည့် ပိဋကတ်တော် စာသားများကို အက္ခရာ၊ ပုဒ်၊ ပါဌ် ကျနမှန်ကန်စေရန် ဆရာတော် ၁၅ ပါးအား တည်းဖြတ်ပြင်ဆင် သုတ်သင်စေခဲ့ပြီးမှ အဘယာရာမ မိုးထိတိုက်ဆရာတော် ဦးဇာဂရက ကြီးကြပ်၍ ကျောက်ထက်အက္ခရာတင်ခဲ့သည်။


ပိဋကတ်သုံးပုံ အဋ္ဌကထာနှင့် ဋီကာ ကျောက်စာ ၁၇၇၂ ချပ်နှင့် မှတ်တမ်းကျောက်စာချပ် နှစ်ချပ်ကို စန္ဒာ မုနိဘုရား ပရိဝုဏ်အတွင်း၌ အုတ်ပလ္လင်တစ်ခုစီပေါ်တွင် တစ်ချပ်မှ သုံးချပ်အထိ စိုက်ထူပြီး အုတ်ပလ္လင်အထက်တွင် စေတီတော်တစ်ဆူစီ တည်ထား၍ “ဥဒေတယံ၊ ကျောက် ချပ်မှန်” ဟု မှတ်သားခဲ့ကြသည်။ ယင်းကျောက်စာများကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး၏ နောက်ဆက်တွဲဟု ဆိုရမည်ဖြစ်ပြီး ဦးခန္တီသည် ကျောက်စာချပ် ၈၈၃ ချပ်ပေါ်တွင် အုတ်စေတီများကို တည်ထားခဲ့၍ ယခုအခါ ကျန်သောကျောက်စာချပ် ၈၉၁ ချပ်ပေါ်တွင် မိုးလုံလေလုံ အမိုးအကာများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။


မြန်ပြည်တစ်လွှား ပိဋကတ်ကျောက်စာတော်များ


မင်းတုန်းမင်း (ခရစ်နှစ် ၁၈၅၃-၁၈၇၈) သည် ခရစ်နှစ် ၁၈၇၁ ခုနှစ်တွင် ပိဋကတ်သုံးပုံနှင့် နေတ္ထိ၊ မိလိန္ဒပဉှ နှင့် ပေဋကော ပဒေသ သုတ်သုံးကျမ်းတို့ကို ကျောက်စာ ၇၂၉ ချပ်ပေါ်တွင် ရေးထွင်းစိုက်ထူပြီးနောက်ပိုင်းတွင် မြန်မာ နိုင်ငံအတွင်း နေရာဒေသ အသီးသီး၌ ပိဋကတ်ကျောက် စာများကို ရေးထိုးစိုက်ထူခဲ့ကြသည်။ ထို့ကြောင့် ထင်ရှား သော ပိဋကတ်သုံးပုံ ကျောက်စာတိုက် ၁၄ တိုက်၊ ပိဋကတ်တော် အဋ္ဌကထာ ကျောက်စာတိုက် နှစ်တိုက်နှင့် ဋီကာ ကျော် ကျောက်စာတိုက်တစ်တိုက် ပေါ်ထွက်ခဲ့သည်။


ပိဋကတ်သုံးပုံ ကျောက်စာတော်များအနက် မြန်မာ သက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် ရေးထိုးသည့် ကျောက်စာ ၇၂၉ ချပ်ကို မန္တလေးမြို့ ကုသိုလ်တော် ဘုရားဝင်းအတွင်း၌ လည်းကောင်း၊ ၁၂၆၉ ခုနှစ်တွင် ရေးထိုးသည့် ကျောက်စာ ၅၅ ချပ်ကို သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံစေတီဝင်းအတွင်း၌ လည်းကောင်း၊ ၁၂၇၄ ခုနှစ်တွင် ရေးထိုးသည့် ကျောက်စာအချပ် ၄၅၀ ကို ရေနံချောင်းမြို့ ကျောက်စာရုံအတွင်း၌ လည်းကောင်း၊ ၁၂၇၉ ခုနှစ်တွင် ရေးထိုးသည့် ကျောက်စာ ၃၉၉ ချပ်ကို ဓနုဖြူမြို့ ပြည်လုံးချမ်းသာ ဘုရားကြီးဝင်း၌ လည်းကောင်း၊ ၁၂၈၃ ခုနှစ်တွင် ရေးထိုးသည့် ကျောက်စာ ၅၈၅ ချပ်ကို သထုံမြို့ ရွှေစာရံ ဘုရားဝင်းအတွင်း၌လည်း ကောင်း၊ ၁၂၈၆ ခုနှစ်တွင် ရေးထိုးသည့် ကျောက်စာအချပ် ၇၂၀ ကို တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ လောကမာရ်အောင် ဘုရားဝင်းအတွင်း၌လည်းကောင်း စိုက်ထူခဲ့သည်။


ထို့အတူ ၁၂၈၇ ခုနှစ်တွင် ရေးထိုးသည့် ကျောက်စာ ၁၇၁ ချပ်ကို မင်းကင်းမြို့ ကျောက်စာဘုရားဝင်း၌လည်းကောင်း၊ ၁၂၈၇ ခုနှစ်မှာပင် ရေးထိုးခဲ့သည့် ကျောက်စာ ၁၅၄ ချပ်ကို သုံးခွမြို့နယ် မင်းရွာရှိ ကံကြီးကုန်းကျောင်း တိုက်၌လည်းကောင်း၊ ၁၂၈၉ ခုနှစ်တွင် ရေးထိုးခဲ့သည့် ကျောက်စာ ၅၁၆ ချပ်ကို သာစည်မြို့နယ် ညောင်ရမ်းရွာ ရွှေမုဋ္ဌောဘုရားဝင်း၌လည်းကောင်း၊ ၁၂၉၅ ခုနှစ်တွင် ရေးထိုးသည့် ကျောက်စာအချပ် ၅၁၀ ကို ဝမ်းတွင်းမြို့နယ် သဲတောမြို့ ကိုးတောင်ပြည့် ဘုရား၌လည်းကောင်း၊ ၁၃၀၁ ခုနှစ်တွင် ရေးထိုးခဲ့သည့် ကျောက်စာအချပ် ၁၀၀ ကို ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာ ရွာဦးကျောင်း၌လည်းကောင်း၊ ၁၃၃၉ ခုနှစ်တွင်ရေးထိုးသည့် ကျောက်စာ ၁၀၀၅ ချပ်ကို ရန်ကင်းမြို့နယ် ပဉ္စနိကာယ ကျောင်းတိုက်အတွင်း၌ လည်းကောင်း၊ ၁၃၄၂ ခုနှစ်တွင်ရေးထိုးသည့် ကျောက်စာ အချပ် ၁၀၈၀ ကို မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ၌ လည်းကောင်း စိုက်ထူခဲ့သည်။ ပဲခူးမြို့ရှိ ရွှေသာလျောင်း ဘုရားတွင် စိုက်ထူထားသည့် ပိဋကတ်ကျောက်စာ ၅၈ ချပ်ကိုမူ ရေးထိုးခဲ့သည့် ခုနှစ်ကို မသိရှိခဲ့ပါ။


ပိဋကတ်တော် ကျောက်စာများကို ရေးထိုးကြရာတွင် ဗုဒ္ဓဘုရားရှင်၏ ပိဋကတ်သုံးပုံဖြစ်သည့် သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာကျမ်းများကို ရေးထိုးကြသော်လည်း သင်္ဃန်းကျွန်း၊ မင်းကင်း၊ သုံးခွမြို့နယ် မင်းရွာနှင့် ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာရှိ ကျောက်စာချပ်များတွင် ဝိနည်းကျမ်း တစ်ခုတည်းကိုသာ ရေးထိုးထားပြီး ပဲခူးရွှေသာလျောင်း ဘုရားမှ ကျောက်စာများတွင်မူ အဘိဓမ္မာကျမ်းများကိုသာ ထွင်းထုထားသည်။


ပိဋကတ်တော်ကိုဖွင့်ဆိုသည့် အဋ္ဌကထာ ကျမ်းများ အနက် ၁၂၇၅ ခုနှစ်တွင် ထွင်းထုခဲ့သည့် အဋ္ဌကထာကျမ်း ကျောက်စာ ၁၅၀၉ ချပ်ကို မန္တလေးမြို့ စန္ဒာမုနိဘုရားဝင်းနှင့် ၁၂၇၇ ခုနှစ်တွင် ရေးထိုးခဲ့သည့် အဋ္ဌကထာကျမ်း ကျောက်စာ ၅၉၇ ချပ်ကို မိတ္ထီလာမြို့ ရွှေမြင်မိစေတီဝင်း အတွင်း၌ စိုက်ထူခဲ့သည်။ အဋ္ဌကထာကျမ်းများကို ဖွင့်ဆိုသည့် ဋီကာကျမ်း ကျောက်စာ ၂၆၃ ချပ်ကိုမူ မန္တလေးမြို့ စန္ဒာမုနိဘုရားဝင်း၌ စိုက်ထူခဲ့သည်။


ယင်းတို့အပြင် မန္တလေးမြို့ ကျောက်တော်ကြီးဘုရားဝင်း၌ သထုံမြို့အတွက် ပိဋကတ်ကျောက်စာ ၁၂၆ ချပ်၊ မုံရွာမြို့၌ လယ်တီဆရာတော်၏ ကျမ်းစာ ၈၀၆ ချပ်နှင့် အမရပူရမြို့၌ မိုးကုတ်ဆရာတော်၏ ဒေသနာတော် ကျောက်စာ ၂၉ ချပ်ရှိကြောင်း စာရေးဆရာ မောင်အေးကျော် (အဖျောက်)က ရေးသားခဲ့သည်။


မိတ္ထီလာမြို့၏ သမိုင်းနောက်ခံ


မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးမြို့ပြီးလျှင် အကြီးဆုံးဖြစ်သည့် မိတ္ထီလာမြို့သည် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့ပြီး မိတ္ထီလာမြို့၏ အထင်ရှားဆုံး အမှတ်လက္ခဏာ တစ်ခုဖြစ်သည့် မိတ္ထီလာကန်အကြောင်းကို မင်းကြီး သီရိ မဟာဇေယျသူက ကဝိလက္ခဏဒီပနီကျမ်းတွင် "ရေမှာ စစ်ကိုင်း၊ လှိုင်းမှာ ပခန်းငယ်၊ လယ်မှာ တောင်တွင်း၊ စပါး မှာ ရမည်းသင်း၊ အင်းမှာ တောင်သမန်၊ ကန်မှာ မိတ္ထီလာ" ဟု ရေးဖွဲ့ခဲ့သည်။


မိတ္ထီလာကန်သည် မြန်မာနိုင်ငံအလယ်ပိုင်းအတွက် အရေးပါသော ရေအရင်းအမြစ် နေရာတစ်ခုဖြစ်၍ မိတ္ထီလာမြို့နှင့် အနီးဝန်းကျင်ဒေသများမှ နယ်သူနယ်သားများသည် မိတ္ထီလာကန်ရေကို စိုက်ပျိုးရေးလုပ်ငန်းများတွင် ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည်။ အထက်ဗမာပြည် နှင့် ရှမ်းပြည်နယ် ဂေဇက်တီးယား (၁၉၀၁) တွင် မိတ္ထီလာကန်သည် သဘာဝကန်မဟုတ်ဘဲ လူများပြုလုပ် ခဲ့သည့်ကန် ဖြစ်ကြောင်း ဖော်ပြထားသည်။


ရှေးအခါက သျှိသျှားကန်ကို အစွဲပြုလျက် မိတ္ထီလာမြို့ကို သျှိသျှားမြို့ဟု ခေါ်တွင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၄၁၄ ခုနှစ်တွင် သျှိသျှားကန်ကို နှစ်နှစ်ကြာ ပြုပြင်ဆည်ဖို့ခဲ့ရာ ရာဇဝင်ကျမ်းများ အလိုအရ မိတ္ထီလာကန်ရေသည် ပုပ္ပားရေကျနှင့် ထိစပ်ခြင်း ရှိ မရှိကို မြင်းသည်တော်အား အကြည့်ခိုင်းပြီး အနော်ရထာမင်းအား ပြန်လည်လျှောက် ထားစေခဲ့ရာ ပုပ္ပားရေကျနှင့် မထိကြောင်း "မထိလာပါ" ဟု လျှောက်တင်သည့်စကားမှ မိတ္ထီလာဖြစ်လာသည်ဟု ယူဆခဲ့ကြသော်လည်း ယင်းအဆိုသည် မိတ္ထီလာဒေသ၏ မြေမျက်နှာသွင်ပြင်ကြောင့် မဖြစ်နိုင်ကြောင်း စာရေးဆရာ ဦးထွဏ်းလွင်က သူ၏ စာပေဗိမာန် စာမူဆုရ "မိတ္ထီလာ မြို့နယ်ဖြစ်စဉ် သမိုင်းမှတ်တမ်း" စာအုပ်တွင် ရေးသား ခဲ့သည်။


၁၉၇၃ ခုနှစ်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် မိတ္ထီလာကို မြို့အဖြစ် သတ်မှတ်ခဲ့ကာ လက်ရှိအချိန်တွင် မိတ္ထီလာမြို့နယ်ကို ရပ်ကွက် ၁၄ ခု၊ ကျေးရွာ အုပ်စု ၅၈ စု၊ ကျေးရွာ ၃၈၀ ဖြင့် ဖွဲ့စည်းထား၍ မိတ္ထီလာ ခရိုင်ထဲတွင် မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်း မြို့နယ်နှင့် မလှိုင်မြို့နယ်တို့ ပါ၀င်သည်။


မိတ္ထီလာမြို့နယ်သည် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့ဘက်၊ သာစည်မြို့နယ်၏ အနောက်ဘက်၊ ဝမ်းတွင်း မြို့နယ်၏ တောင်ဘက်နှင့် ပျော်ဘွယ်မြို့နယ်၏ မြောက်ဘက်တွင်တည်ရှိကာ ၄၇၅ ဒသမ ၃၆ စတုရန်းမိုင် ကျယ်ဝန်းသည်။ မိတ္ထီလာမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှ ပေ ၇၅၀ ခန့်မြင့်၍ ညီညာပြန့်ပြူးသော မြေမျက်နှာပြင်နှင့်အတူ တောင်ကုန်းတောင်တန်းငယ်များလည်း ရှိသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ မိတ္ထီလာမြို့နယ်၏ လူဦးရေသည် ၃၀၄၉၀၃ ဦး ရှိသည့် အနက် ၉၄ ဒသမ ၉၄ ရာခိုင်နှုန်း (၂၈၉၄၇၉ ဦး) သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။


ကျောက်စာတိုက်များ


မိတ္ထီလာမြို့နယ်၌ စေတီ ဘုရား ၁၀၉၃ ဆူ ရှိသည့် အနက် သီရိမင်္ဂလာရပ်ကွက်မှ ထီးသုံးဆင့်ရှိသည့် ဘုရားတစ်ဆူကို မြန်မာသက္ကရာဇ် ၅၆၃ ခုနှစ်တွင် နရပတိစည်သူ မင်းက တည်ခဲ့သည်။ ယခုအခါတွင် ထီးသုံးဆင့်စေတီသည် ရွှေမြင်မိစေတီနှင့်အတူ မဟာရံတံတိုင်းတစ်ခုအတွင်း၌ တည်ရှိသည်။

 

mdn

 


ရွှေမြင်မိစေတီကိုလည်း နရပတိစည်သူမင်းကပင် တည်ထားခဲ့ပြီး မူလက စေတီငယ်တစ်ဆူသာ ဖြစ်ခဲ့ဟန်ရှိကာ နှစ်ကာလကြာမြင့်ချိန်တွင် ငလျင်ဒဏ်များကြောင့် ပြိုကျပျက်စီးခဲ့သည်ဟု မှန်းဆရကြောင်း မိတ္ထီလာသမိုင်း ပြုစုခဲ့သူ ဦးထွဏ်းလွင်က သုံးသပ်ခဲ့သည်။ ပြိုကျပျက်စီး နေသည့် ရွှေမြင်မိစေတီကို ဦးလှိုင်းနှင့် ဇနီး ဒေါ်အိမ်ငြိမ်း တို့က ခရစ်နှစ် ၁၈၉၂ ခုနှစ်တွင် မွမ်းမံပြင်ဆင်ခဲ့ရာ ၁၉၀၁ ခုနှစ်တွင် ပြီးစီး၍ ထီးတော်တင်လှူခဲ့သည်။ ဘုရားသမိုင်း ကျောက်စာတွင် ရွှေမြင်မိစေတီ ထီးတော်ကို မြန်မာ သက္ကရာဇ် ၁၂၆၂ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက် (၁၉၀၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်) သောကြာနေ့တွင် တင်လှူကြောင်း ရေးထိုးထားသည်။ ထီးတော်သည် အမြင့် ၁၂ တောင်နှင့် အဝန်း လေးတောင် နှစ်မိုက် ရှိသည်။


ဘုရားအလှူရှင် ဦးလှိုင်းသည် နရပတိစည်သူမင်း တည်ထားခဲ့သည့် ထီးသုံးဆင့်စေတီနှင့် ရွှေမြင်မိစေတီ
တို့ကို တံတိုင်းလေးဖက် ခတ်ခဲ့သဖြင့် ယခုအချိန်တွင် စေတီတော်နှစ်ဆူကို ဝင်းတစ်ခုတည်းအတွင်း၌ ဖူးမြင်ကြ ရပေသည်။


ကျောက်စာချပ်များထားရှိခြင်း


မိတ္ထီလာမြို့ ကျောက်တံခါးတောရတိုက်ဆရာတော် ဦးပဏ္ဏဝက ဘုရားဒါယကာ ဦးလှိုင်းကို ရွှေမြင်မိစေတီဝင်းအတွင်း၌ ပိဋကတ်ကျောက်စာတော်များ ထားရှိပူဇော်သင့်ကြောင်း မိန့်ကြားခဲ့သည်။ ထို့ကြောင့် မိတ္ထီလာမြို့မှ ပြည်သူများနှင့် ပူးပေါင်းကာ မန္တလေးမြို့မှ ကျောက်ဆစ်သမားများကို ခေါ်ယူ၍ ပိဋကတ်တော် ကျောက်စာများကို မြန်မာသက္ကရာဇ် ၁၂၇၇ ခုနှစ် တော်သလင်း လပြည့်ကျော် ၁ ရက် (၁၉၁၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်) တွင် ပိဋကတ်တော် အဋ္ဌကထာ ကျောက်စာချပ်ပေါင်း ၅၉၇ ချပ်ကို စတင်ထွင်းထုခဲ့ရာ မြန်မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ် နယုန်လပြည့်ကျော် ၁ ရက် (၁၉၂၈ ခုနှစ် ဇွန်လ ၃ ရက်) တွင် ပြီးစီးခဲ့သည်။


ယင်းကျောက်စာများမှာ ဝိနည်းငါးကျမ်း ၁၁၄ ချပ်၊ သုတ်သုံးကျမ်း ၇၄ ချပ်၊ အဘိဓမ္မာခုနစ်ကျမ်း ၁၀၆ ချပ်၊ ပဏ္ဏာသသုံးကျမ်း ၁၀၅ ချပ်၊ သံယုတ်ငါးကျမ်း ၇၈ ချပ်၊ အင်္ဂုတ္ထိုရ်နှင့် ခုဒ္ဒကပါဌ် အချပ် ၁၂၀ တို့ဖြစ်ကာ ရွှေမြင်မိ စေတီဝင်းအတွင်း ကျောက်စာတိုက် ခြောက်ခု၌ စိုက်ထူခဲ့သည်။


ယင်းတို့အနက် ကျိုးပဲ့ပျက်စီးခဲ့သည့် အင်္ဂုတ္ထိုရ်နှင့် ခုဒ္ဒကပါဌ် အဋ္ဌကထာ ကျောက်စာချပ် ၁၂၀ ကို အလှူရှင် ဦးလှိုင်းက ပြုပြင်ခဲ့၍ ပျက်စီးနေသည့် ကျန်ကျောက်စာများကိုလည်း အများကောင်းမှုဖြင့် ပြင်ဆင်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ဦးလှိုင်း သာသနာ့ဘောင်သို့ ဝင်သွားခဲ့ချိန်တွင် ပျက်စီးနေသည့် ကျောက်စာများ ပြင်ဆင်ခြင်းလုပ်ငန်းကို သားဖြစ်သူ ဦးကျော်ညွန့်က ၁၉၂၈ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။


ယခုအချိန်တွင် မိတ္ထီလာမြို့ ရွှေမြင်မိစေတီတော်ဝင်း အတွင်းရှိ ကျောက်စာတိုက်များ၌ အဋ္ဌကထာ ကျောက်စာ ၅၉၇ ချပ်နှင့် မှတ်တမ်းမော်ကွန်းကျောက်စာ နှစ်ချပ်တို့ ရှိနေဆဲဖြစ်သည်။ မိတ္ထီလာမြို့နယ်၏ သမိုင်းနှင့် ဆက်စပ်နေသည့် ပိဋကတ်တော် အဋ္ဌကထာ ကျောက်စာများသည် မိတ္ထီလာ မြို့နယ်၏ ဗုဒ္ဓစာပေဆိုင်ရာ အမွေအနှစ်များ ဖြစ်ကြရာ ယင်းတို့ကို ရွှေမြင်မိစေတီတော် ဂေါပကအဖွဲ့နှင့်အတူ မိတ္ထီလာနယ်သူ နယ်သားများက အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသဖြင့် ဗုဒ္ဓဘာသာ ပိဋကတ်တော် အမွေအနှစ်များကို နှောင်းလူများက ဆက်ခံခွင့်ရရှိခဲ့ပေသည်။ ။

 

ကိုးကား


မြန်မာ့စွယ်စုံကျမ်းအတွဲ(၉)


မိတ္ထီလာမြို့နယ် ဖြစ်စဉ်သမိုင်းမှတ်တမ်း (ဦးထွဏ်းလွင်)


လောကမာန်အောင် မြတ်ဘုရားကြီး (မောင်အေးကျော် ၊ အဖျောက်)