မိတ္ထီလာအခြေစိုက် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ ၁၄ ရက်တာ ရပ်နားရေး တိုင်းဒေသကြီးအဆင့်ညွှန်ကြားမှု ရောက်ရှိပါက ဆောင်ရွက်သွားမည်

မိတ္ထီလာ ၄   ဧပြီ

မိတ္ထီလာအခြေစိုက် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ ၁၄ ရက်တာ ရပ်နားရေးအား တိုင်းဒေသကြီးအဆင့် ညွှန်ကြားမှုရောက်ရှိပါက ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်အထိ ယာဉ်လိုင်းများ ရပ်နားရန်ညွှန်ကြားမှု မရောက်ရှိလာသေးကြောင်း  မိတ္ထီလာမြို့ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဧပြီလ ၄ ရက်နေ့နံနက်ပိုင်းတွင် ပြောကြားသည်။

 

 “ဧပြီလ ၇ ရက်နေ့ကစတင်ပြီး ဧပြီလ ၂၁ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေ နှစ်ပတ်တာ ရပ်နားရမယ်လို့ သတင်းတွေတော့ ကြားနေပါတယ်။ ဒီနေ့လက်ရှိအချိန်ထိတော့တိုင်းက အဲဒါနဲ့ ပတ်သက်ပြီး ညွှန်ကြားလာတာမရှိသေးပါဘူး။ ညွှန်ကြားလာတာနဲ့ ခရီးသည်ယာဉ်လိုင်းတွေ နှစ်ပတ်တာ ရပ်နားဖို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုတော့ ခရီးသည်ယာဉ်လိုင်းများအနေနဲ့  ယာဉ်ပေါ်မှာတင်ဆောင်နိုင်တဲ့ ခရီးသည်ဦးရေ ထက်ဝက်ပဲတင်ပြီး ယာဉ်စီးခကို နှစ်ဆတိုးယူဖို့ ညွှန်ကြားထားတာမို့  စည်းကမ်းချက်အတိုင်း လိုက်နာမှုရှိမရှိ လိုက်လံစစ်ဆေးတာမျိုးတွေ ပြုလုပ်နေပါတယ်။ ယနေ့အချိန်အထိ မိတ္ထီလာမှာ စည်းကမ်းဖောက်ဖျက်တဲ့ ခရီးသည်ယာဉ်လိုင်းမရှိပါဘူး” ဟု  မိတ္ထီလာမြို့ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်  က ပြောသည်။ 

 

“ခရီးသည်ယာဉ်လိုင်းများ ၁၄ ရက်တာရပ်နားညွှန်ကြားမှု မရောက်ရှိသေးသော်လည်း ယာဉ်လိုင်း တစ်ချို့က ခရီးသည်ရှားပါးမှုကြောင့် ခေတ္တရပ်နားခွင့်ပြုရန် ခွင့်ပြုချက်လာရောက်တင်ခြင်းများ ရှိနေကြောင်း ၎င်းကဆက်လက်ပြောသည်။ အခုချိန်မှာ ခရီးသည်ကလည်း ရှားပါးတာမို့ တစ်ချို့ယာဉ်လိုင်းတွေ ကိုယ်တိုင်ကတိုင်းကညွှန်ကြားမှု မလာသေးခင်မှာပဲ ခေတ္တရပ်နားဖို့ ခွင့်ပြုချက်လာတင်တာမျိုးတွေလည်း    ရှိနေပါတယ်” ဟု ဥက္ကဋ္ဌ ဦးခင်မောင်မြင့် က ပြောသည်။

 

မိတ္ထီလာတွင်  မိတ္ထီလာ၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီး၊ မြင်းခြံ၊ ပုဂံ-ညောင်ဦး ခရီးစဉ်များကို ခရီးသည်တင်ယာဉ်လိုင်း ၃၀ ခန့်က  ယာဉ်စီးရေ ၉၀ ကျော်ဖြင့် နေ့စဉ်အဝေးပြေး ခရီးသည် သယ်ယူပို့ဆောင်ရေးကို လုပ်ကိုင်လျက်ရှိကာ  မိတ္ထီလာ-မန္တလေး ခရီးစဉ်ပြေးဆွဲသည့် ယာဉ်လိုင်းမှာ အများဆုံးဖြစ်ပြီး ယာဉ်လိုင်း ၁၅ လိုင်းခန့်မှ ယာဉ်စီးရေ ၆၀ ကျော်ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)