မြိတ်၌ ပင်လယ်ပြင်မှ ပြန်လည်ဝင်ရောက်လာသည့်  ငါးဖမ်းလှေများ၊ ငါးသယ်လှေများရှိ ရေလုပ်သားများအား ကျန်းမာရေး စတင်စစ်ဆေး

မြိတ် ၄  ဧပြီ   

 

မြိတ်မြို့တွင်  မြန်မာ့ပင်လယ်ပြင် ငါးဖမ်းကွက်များမှ ပြန်လည်ဝင်ရောက်လာသော  ငါးဖမ်းလှေများ၊ ငါးသယ်လှေများရှိ ရေလုပ်သားများအား ယနေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းတို့ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးခြင်းကို စတင်ဆောင်ရွက်လျက်ရှိသည်။



“မြန်မာလ လပြည့်နေ့ဝန်းကျင် လဆန်း(၁၂)ရက်ကနေ လပြည့်ကျော် (၁)ရက်နေ့အထိ ရေလုပ်ငန်း သဘောသဘာဝ အရ လုပ်ငန်းရပ်နားကြပါတယ်။ ဒီရက်တွေမှာ ဝါတန်း(ဝိုင်းချုပ်) လှေတွေ၊ ကင်းမွန် မီးထွန်းလှေတွေ အများဆုံး ပြန်ဝင်တဲ့ရက် ဖြစ်ပါတယ်။  ကိုဗစ်-၁၉  ကာကွယ်ရေးအတွက် ပင်လယ်ပြင်ကပြန်လာတဲ့ ရေလုပ်သားအပါအဝင် ပြည်ပမှဝင်လာတဲ့ ရေလုပ်သားတွေပါ ကျန်းမာရေးစစ်ဆေးဖို့ စီမံချက်ပုံစံမျိုးနဲ့ ဧပြီ ၄ ရက်ကနေ ၈ ရက်နေ့အထိ သတ်မှတ်ပြီး စစ်ဆေးမှုပြုလုပ်တာ ဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းနောင်ဦး က ပြောသည်။ 

 

ယနေ့တွင် နေရပ်ပြန်လည်ရောက်ရှိလာသည့် ငါးဖမ်းလှေအစီးရေ (၃၀)ကျော်သာရှိ၍ ရေလုပ်သားများအား ငါးလေလံဈေး အရှေ့ရေပြင်တွင် ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ စတင်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ကျန်ရက်များ၌ လိုအပ်ပါက ကျန်းမာရေးစစ်ဆေးရေးအဖွဲ့ တိုးချဲ့ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြိတ်စစ်ဆေးရေးစခန်းသို့ ဝင်ရောက်လျက်ရှိသော ငါးဖမ်းလှေများအစုသည် ပင်လယ်ပြင်မှပြန်လာကြသော ငါးဖမ်းလှေ ရေလုပ်သားများဖြစ်ပြီး ပြည်ပမှလာသော ငါးသယ်လှေများသည် ကော့သောင်းစစ်ဆေးရေးစခန်း၌ အစစ်ဆေးခံပြီးမှ မြိတ်ကိုလာရောက်ကြခြင်းဖြစ်ကာ ပြည်ပမှလာရောက်သည့် ငါးသယ်လှေများကို အဓိကထား စစ်ဆေးလျက်ရှိကြောင်း  ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။


    
ငါးဖမ်းကွက်များအတွင်း  ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသော ငါးဖမ်းလှေများ၊ ငါးသယ်လှေ အစီးရေ (၁၀၀) ကျော်၊ ရေလုပ်သား နှစ်သောင်းခန့် မြိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဦးစီးကော်မတီ၏  ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက်ဖြင့် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်သည်။

 

မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်း၊ ငါးသယ်လှေများရှိ ရေလုပ်သားများအားလုံး ကျန်းမာရေးစစ်ဆေးခံရန် ကုမ္ပဏီများ၊ ရေလုပ်ငန်းရှင်များ၊ လှေကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရန် ကြိုတင်အကြောင်းကြားထားပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက်  စတင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )