မြိတ်မြို့တွင် ကိုဗစ်-၁၉  ရောဂါပိုး တွေ့ရှိသူများ နေထိုင်သည့် လမ်းနေပြည်သူများအား အခြေခံ စားသောက်ကုန် (၄)မျိုး ထောက်ပံ့

မြိတ်  ၁၇  စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ နေထိုင်သည့် လမ်းနှစ်လမ်းကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေကော်မတီမှ ယာယီအသွားအလာ ကန့်သတ်ထားရှိပြီး အဆိုပါ လမ်းတို့တွင် နေထိုင်ကြသည့် လမ်းနေပြည်သူများအား အခြေခံစားသောက်ကုန်(၄)မျိုးကို စက်တင်ဘာ (၁၇)ရက် နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ့ရပြီဆိုတော့ အရင်ထက်ပိုပြီးတော့ သတ်မှတ် ထားတဲ့ စည်းကမ်းတွေကို လေးစားလိုက်နာပြီးတော့ ဆောင်ရွက်ဖို့လိုပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ်စီ ကိုယ်စီမှာ ကျန်းမာရေးက  ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်ကို လိုက်နာဖို့ အရေးကြီးပါတယ်။ တစ်ဦးတစ်ယောက် ကူးစက်သွားတာနဲ့ တောက်လျှောက် မိသားစုနဲ့ ပတ်သက်ဆက်နွှယ်သူတွေ ကူးစက်နိုင်တဲ့ ရောဂါဖြစ်တဲ့ အတွက်ကြောင့် အားလုံးကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် တွေကို လိုက်နာပေးကြဖို့ ပြောကြားလိုပါတယ် ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က  ပြောသည်။

 

mdn

 

ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ နေထိုင်သည့် လမ်းနှစ်လမ်းကို ယာယီ အသွားအလာကန့်သတ်ထားရှိပြီး အဆိုပါ လမ်းတို့တွင် နေထိုင်ကြသည့် အိမ်ထောင်စု(၇၇)စုအား အိမ်ထောင်စုတစ်စုလျှင် အခြေခံ စားသောက်ကုန်အဖြစ် ဆန်(၁၀) ပြည်၊   ကြက်ဥ(၁၀)လုံး၊ ငါးသေတ္တာ(၅)လုံး၊ ကြက်သွန်(၁)ပိဿာစီကို  စက်တင်ဘာ(၁၇)ရက် နံနက် ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ထောက်ပံ့ခဲ့ကြသည်။

 

မြိတ်မြို့တွင် လက်ရှိအချိန်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ(၅)ဦးရှိပြီး ၄င်းတို့အားလုံးသည် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြပြီး ပြည်သူ့ဆေရုံ သီးခြားလူနာဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြသည်။ ထို့အတူ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပြည်သူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )