မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ဝေငှတပ်ဆင်ခြင်းနှင့်  ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

မြိတ်   ၉  ဧပြီ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်ကျေးရွာရှိ အောင်မင်္ဂလာဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဈေးသည်များနှင့် ဈေးဝယ်သူများအား ဈေးသို့လာရောက်စဉ် နှာခေါင်းစည်းများ တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရေး ရည်ရွယ်၍ ဧပြီလ(၉)ရက် နံနက်(၈)နာရီက နှာခေါင်းစည်းများ ဝေငှတပ်ဆင်ပေးခြင်း၊ စနစ်တကျ လက်ဆေးစေခြင်း၊ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

 

7171

 

အဓိကကတော့ ကိုဗစ်-၁၉ကာကွယ်ရေးအတွက် ပညာပေးတွေ ညွှန်ကြားချက်တွေ ဆောင်ရွက်နေပေမယ့် ဈေးတွေမှာ ဈေးသူဈေးသားတွေနဲ့ ဈေးလာဝယ်တဲ့သူတွေပါ လိုက်နာ ဆောင်ရွက်မှု အားနည်းတာတွေ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်-၁၉ ရောဂါဟာ ကူးစက်မှု မြန်ဆန်သလို တော်တော်လေး ပျံ့နှံ့နေတာတွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးကို ပိုမိုပြီးလိုက်နာနိုင်အောင် သိရှိနားလည်နိုင်အောင် ပညာပေးခြင်းကို အရှိန် အဟုန်မြှင့်ပြီး ဆောင်ရွက်တာဖြစ်ပါတယ် ဟု စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးမြတ်ကိုကို က ပြောသည်။ 

 

7178

 

အောင်မင်္ဂလာဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ပညာပေးဆောင်ရွက်ရာတွင် Hand Gel ဖြင့် စနစ်တကျလက်ဆေးဆောင်ရွက်စေခြင်း၊ နှာခေါင်းစည်းများကို ဝေငှတပ်ဆင်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ ဈေးရောင်းဝယ်သူများအား ၄င်းတို့၏ ကလေးငယ်များကို ဈေးသို့ ခေါ်ဆောင်လာခြင်း မပြုကြရန် ပညာပေးဆောင်ရွက်ခဲ့ကြသည်။

 

ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေ၊ ညွှန်ကြားချက်တွေကို လိုက်နာ စေချင်ပါတယ်။ အင်မတန်အန္တရာယ်များ ကူးစက်လွယ်တဲ့ရောဂါကို ကာကွယ်ထိန်းချုပ်တဲ့ နေရာမှာ ပြည်သူတွေ ပူးပေါင်းပါဝင် ဝိုင်းဝန်းဆောင်ရွက်မှ အောင်မြင်မှာဖြစ်ပါတယ် ဟု  မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ  က ထပ်လောင်းပြောကြားသည်။ 

 

ဈေးသည်များနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပညာပေးဆောင်ရွက်ခြင်းကို  မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဈေးကော်မတီတို့ ပူးပေါင်း၍ စည်ပင်သာယာရေးကော်မတီ နှာခေါင်းစည်း ခုရေ (၁၅၀ဝ) ဝေငှတပ် ဆင်ပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပညာပေး လက်ကမ်းစာစောင်(၅၀ဝ)  ဖြန့်ဝေပေးခဲ့ကြသည်။

 

ဆက်လက်ပြီး မြိတ်မြို့ရှိ ဈေးများတွင်လည်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေးကို ပိုမိုသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ပညာပေးခြင်းကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ်ပြန်/ဆက် )