မြိတ်မြို့ရှိ မြိတ်တောင်ချောင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး (မြေတူးယာဉ်) ဖြင့် တူးဖော်ဆောင်ရွက်

မြိတ် အောက်တိုဘာ  ၁၉

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြိတ်တောင်ချောင်းသည် ပင်လယ်ဒီရေအတက်အကျနှင့် မိုးရေများကြောင့် သဲများ၊ နုန်းမြေများ၊ အမှိုက်များကြောင့် ချောင်းတိမ်ကောမှုများ ဖြစ်လျက်ရှိရာ ရေစီးရေလာကောင်းမွန်စေရေးနှင့် တိမ်ကောမှု မရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး (မြေတူးယာဉ်)ဖြင့်  အောက်တိုဘာ ၁၈ ရက်က စတင်တူးဖော် ဆောင်ရွက်လျက်ရှိသည်။

 

“မြိတ်တောင်ချောင်းသည် မြေထိန်းနံရံမရှိတဲ့အတွက် တဖြေးဖြေးတိမ်ကောလာ၍ တံတားနဲ့ချောင်းဟာ ထိလုနီးပါးဖြစ်ပြီး ရေစီးရေလာအခက်အခဲရှိပါတယ်။ စက်မှုဇုံသွားတဲ့ တံတားကို အခြေပြု၍ ချောင်းအောက်ပိုင်းကို ရန်ပုံငွေလျာထားမှုအပေါ်မူတည်ပြီး တူးဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကအားဖြင့် ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်တဲ့အခါမှာ ပင်မရေမြောင်းဖြစ်နေတဲ့ ဒီချောင်းကြီးက ရေစီးရေလာအဆင်ပြေမှသာ ရပ်ကွက်အတွင်းရှိ ရေမြောင်းများမှ ရေတွေလည်း စီးဆင်းနိုင်မှာဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။

 

မြိတ်တောင်ချောင်းသည် (၂)မိုင်ကျော်ရှည်၍ မြိတ်တောင်ကျေးရွာအုပ်စုနှင့် မြိတ်တောင်ရပ်ကွက်ရှိ လူဦးရေ ထူထပ်သည့် ရပ်ကွက်များအတွင်း  ဖြတ်သန်းစီးဆင်းလျက်ရှိပြီး ပင်လယ်ဒီရေရောက်ရှိ၍ ဒီရေအတက်နှင့် မိုးရွာသွန်းမှုများသည့် အချိန်၌ ချောင်းရေလျှံမှုဖြစ်ကာ ရပ်ကွက်လမ်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကြောင်း၊ ချောင်းအတွင်း ပင်လယ်ဒီရေရောက်ရှိမှုနှင့် မိုးရေများကြောင့် သဲများ၊ နှုန်းမြေများ၊ အမှိုက်များ၊ ချောင်းမြေထိန်း နံရံမရှိခြင်းတို့ကြောင့် ချောင်းတိမ်ကောမှုများ ဖြစ်နေသည့်နေရာများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ချောင်းတူးဖော်ရေးလုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် ကုန်း/ရေ နှစ်တန်သွား ဘက်ဟိုး (မြေတူးယာဉ်) တူးဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)