မြိတ်မြို့နယ် ကျေးရွာ(၂)ရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် နေအိမ်များတွင် ရေပြန်ကျသဖြင့် ပြည်သူများ ပုံမှန်အတိုင်း ပြန်လည်နေထိုင်

မြိတ် ၂၁ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာ(၂)ရွာ၌ စက်တင်ဘာ ၁၉ ရက်တွင် မိုးသည်းထန်စွ  ရွာသွန်းမှုကြောင့် ကျေးရွာရှိ ချောင်းအနီး လူနေအိမ်(၆၇)လုံး ရေဝင်ရောက်မှုဖြစ်ခဲ့၍ ခေတ္တပြောင်းရွေ့နေထိုင်ခဲ့သည့် ပြည်သူများ စက်တင်ဘာ ၂၀ ရက်တွင် ရေပြန်ကျသဖြင့် ၎င်းတို့နေအိမ်များတွင် ပုံမှန်အတိုင်း ပြန်လည်နေထိုင်လျက်ရှိကြကြောင်း သိရသည်။       

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  နေအိမ်များ ရေဝင်ရောက်ခဲ့သည့် အလယ်ချောင်ကျေးရွာရှိ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ  ထောက်ပံ့သည့် အိမ်ထောင်စု (၁၆)စု လူဦးရေ(၈၃)ဦးအတွက် ဆန်ဖိုး(၇)ရက်စာထောက်ပံ့ ငွေ ကျပ် ၁၇၄၃၀၀ နှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထို့အတူ နေအိမ်များရေဝင်ရောက်ခဲ့သည့် ပပြင်ကျေးရွာရှိ ပြည်သူများအား ယမန်နေ့က ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ  အိမ်ထောင်စု(၅၁)စု လူဦးရေ(၂၃၀)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ ထောက်ပံ့ငွေ ကျပ် ၄၈၃၀၀၀ နှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့်  နေအိမ်များ ရေဝင်ရောက်ခဲ့စဉ် ရေလွှတ်သည့် နေရာများသို့ တာဝန်ရှိသူများက ခေတ္တပြောင်းရွေ့နေထိုင်စေခဲ့ကာ ရေဝင်ရောက်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း၊ ရေပြန်ကျသဖြင့် ပြည်သူများမှ ၎င်းတို့နေအိမ်များ၌ ပုံမှန်အတိုင်း ပြန်လည်နေထိုင်လျက်ရှိကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။       

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)