မြိတ်၊ ဒေါပုံနှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၃ 

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းကျေးရွာ အနီးတွင် ဇော်မျိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက်၊ စာတိုက်(၁)လမ်းတွင် ဝင်းမိုးနိုင် စီးနင်းပြီး သန်းအေး(ခ)ဗျတ္တ လိုက်ပါလာသည့် စက်ဘီးကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၃ နာရီတွင် ပူးပေါင်းအဖွဲ့မှ သန်းအေးနေထိုင်သည့် ယမုံနာ(၂)ရပ်ကွက်၊ စာတိုက်(၁)လမ်းရှိ အမှတ်(ခ/၃၅)သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၂၀၀ နှင့် အိုက်စ် သုည ဒသမ ၀၀၅ ကီလိုတို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ ရွှေဖူးမျှော်လမ်းတွင် ခင်မောင်(ခ)အီစွတ် အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၃ နာရီ မိနစ်၂၀ တွင် ဗမာအေးရပ်ကွက်၊ မင်းနန္ဒာလမ်းတွင် ခင်မောင်စိုး(ခ)ဂျလစ်အား စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ၊ အိုက်စ် သုည ဒသမ ၀၀၈ ကီလို၊ Honda Fit မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၄ နာရီ ၁၀ မိနစ်တွင် ၎င်းနေထိုင်သည့် နွယ်အေးရပ်ကွက်၊ နွယ်နီ(၄)လမ်း၊ တိုက်ခန်းအမှတ်(၃၃၇)သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၃,၁၂၀ ၊ အိုက်စ် သုည ဒသမ ၄၂၅ ကီလိုနှင့် ဘိန်းဖြူ သုည ဒသမ ၀၀၁ ကီလိုတို့ကို လည်းကောင်း။

 

ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့(အပေါ်)ကျေးရွာနေ စောဂျယ်(ခ)ရဲဝင်း ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၈၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)