မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းစက်ချုပ်လုပ်ငန်းဖြင့် ဝင်ငွေတိုးပွားလျက်ရှိ

လှည်းကူး ၂၆ စက်တင်ဘာ

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဝါးနက်ကုန်းကျေးရွာအုပ်စု ဝါးနက်ကုန်းမြောက်ဘက်ကမ်းတွင် မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းစက်ချုပ်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။

“မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းစက်ချုပ်လုပ်ငန်းဆိုတော့ အခက်အခဲ နည်းနည်းတော့ရှိတာပေါ့။ အထည်တွေယူတဲ့အခါမှာ ပြည်တွင်းအထည်တွေကို မင်္ဂလာဈေးမှ ဖြတ်ပြီးသားပိတ်စတွေကိုယူပြီး လာရောက်လုပ်ကိုင်တဲ့သူတွေဆီ ချပေးရပါတယ်၊ လက်ရှိမှာတော့ စက်ချုပ်စက်(၁၀)လုံးနဲ့ လည်ပတ်နေတာပါ၊ ယခင်ကတော့ တစ်နေ့ကို အထည်(၃၅၀)ထိ ချုပ်လုပ်ရတာပေါ့။ ခုချိန်က ကိုဗစ်-၁၉ ရောဂါကူးစက်ကာလမှာဆိုတော့ ကုန်ကြမ်းက အရင်လို အမြဲမရရှိတော့တဲ့အတွက် တစ်နေ့ကို အထည်(၁၀၀)ဝန်းကျင်လောက်ပဲ ချုပ်လုပ်ရတော့ အခက်အခဲတွေရှိလာတာပေါ့။ ကုန်ကြမ်းပြတ်တောက်တဲ့အခါ (၁)ရက် (၂)ရက် လုပ်ငန်းနားလိုက်ရတာမျိုးလည်း ရှိတယ်၊ တစ်ခါတစ်လေ လုပ်ငန်းအခက်အခဲအရ လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရန် နှာခေါင်းစည်း (Mask) တွေကိုပါ ယူချုပ်ရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလ ပြီးဆုံးသွားမယ်ဆိုရင် ယခုလက်ရှိ အိမ်တွင်းစက်မှုလုပ်ငန်းကို ပိုမိုတိုးချဲ့ပြီး လုပ်ကိုင်သွားမယ်လို့ အစီအစဉ်ရှိပါတယ်”ဟု စက်ချုပ် လုပ်ငန်းရှင် ကိုဝင်းစိုး က ပြောသည်။

လှည်းကူးမြို့နယ် ဝါးနက်ကုန်းကျေးရွာ ဝါးနက်ကုန်းမြောက်ဘက်ကမ်းတွင် နေထိုင်သူများသည် အသက်မွေးဝမ်းကျောင်းအဖြစ် တစ်ပိုင်တစ်နိုင် အိမ်တွင်းစက်ချုပ်လုပ်ငန်း လုပ်ကိုင်ကြပြီး ဝတ်ဆင်သူများ ဈေးနှုန်းချိုသာစွာဖြင့် အသင့်ဝယ်ယူဝတ်ဆင်နိုင်စေရန် ချည်သား၊ စပန့်သားပိတ်စများကိုသာ အဓိကထားချုပ်လုပ်ကြောင်း၊ အင်္ကျီနှင့် ဘောင်းဘီဝမ်းဆက်၊ အင်္ကျီနှင့် ထဘီဝမ်းဆက်၊ အင်္ကျီတစ်ထည်ခြင်းနှင့် ဘောင်းဘီတစ်ထည်ခြင်း စသည့် အထည်များကို ချုပ်လုပ်လျက်ရှိပြီး အဆိုပါအထည်များကို တစ်ထည် ဈေးနှုန်း (၅၀၀)ကျပ်မှ (၅၅၀)ကျပ်ဖြင့် မင်္ဂလာဈေးသို့ ပြန်လည်တင်သွင်းခဲ့ကြောင်း သိရသည်။

“ဒီစက်ချုပ်လုပ်ငန်းကို လာရောက်လုပ်ကိုင်တာကြာပါပြီ။ အလုပ်ချိန်ကတော့ မနက်(၇)နာရီခွဲကနေ ညနေ(၆)နာရီထိ သတ်မှတ်ထားတာပေါ့။ တစ်နေ့ကို ပျမ်းမျှ (၄၀၀၀)ကျပ်မှ (၄၅၀၀)ကျပ်ရရှိတော့ မိသားစုဝင်ငွေတိုးပွားလာပြီး စားဝတ်နေရေးကို အဆင်ပြေစေတယ်။ ကိုဗစ်-၁၉ ရောဂါကာလမှာ မိသားစုနဲ့လည်း အတူနေရတယ်၊ ပြီးတော့ တစ်ဖက်တစ်လမ်းကနေ အပိုဝင်ငွေလည်း ရရှိလာပါတယ်”ဟု လာရောက်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

နိုင်လင်း(လှည်းကူး)