မဟာအောင်မြေ၊ လွိုင်လင်နှင့် ရပ်စောက်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄  ဧပြီ 

 

မဟာအောင်မြေမြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၃ ရက် မွန်းလွဲပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်၊ လမ်း (၄၀)နှင့် (၄၁)လမ်းကြား၊ (၆၁) လမ်းတွင်တွေ့ရှိသည့် CROWN အမျိုးအစား မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို ရှာဖွေရာ ယာဉ်ပေါ်တွင် တုံရှီကောင်း၊ စောကွမ် (ခ) ဇော်မင်းငွေနှင့် ကျော်ပိုင်ဟိန်းတို့အား တွေ့ရှိပြီး မော်တော်ယာဉ်မှ ကတ်တမင်း ၄ ဒသမ ၇၅ ကီလို၊  လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။


    
အလားတူ ယင်းနေ့ ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ မိုင်းပွန်-တောင်ကြီးသွား ကားလမ်း၊ ပွန်ချောင်း တံတားအနီးတွင် စိန်ဝင်းထွန်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ ဧပြီ ၂ ရက် ညပိုင်းက ရပ်စောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာနေ စိုးမောင်၏ တောင်ယာတဲအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၆၅ ပြား၊ မြန်မာငွေကျပ် ၆၈၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

ရဲပြန်ကြား