MFF Knock-Out Cup ဖူဆယ်ပြိုင်ပွဲ ကျင်းပမည်

ဇွန် ၂

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် MFF Knock-Out Cup ဖူဆယ်ပြိုင်ပွဲကို ဇူလိုင် သို့မဟုတ် သြဂုတ်တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပထမဆုံးဖူဆယ်ပြိုင်ပွဲ ကျင်းပခြင်းဖြစ်ပြီး မေလတွင် ကျင်းပရန်စီစဉ်ထားသည့် MFF Open Cup ပြိုင်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရ၍ ယခုပြိုင်ပွဲအား အစားထိုးကျင်းပခြင်းဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် ရန်ကုန်နှင့် မန္တလေးမြို့တို့မှ ဖူဆယ်ကလပ်အသင်းများ ပါဝင်မည်ဖြစ်ပြီး အသင်း ၁၄ သင်း သို့မဟုတ် ၁၆ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ဝင်ကြေးကျပ်နှစ်သိန်း ပေးသွင်းရမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများကို ဆုကြေးများ ချီးမြင့်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် အသင်း ၁၂ သင်းအနက် ဖျက်သိမ်းသွားသည့် GV အသင်းမှလွဲ၍ ကျန် ၁၁ သင်းယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ်က မန္တလေးမြို့၌ ကျင်းပသည့် MFF Open Cup ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ရောက် လေးသင်းကို ယှဉ်ပြိုင်ခွင့်ပြုရန် စီစဉ်ထားကာ ချန်ပီယံဖြစ်ခဲ့သော GV အသင်းသည် အသင်းဖျက်သိမ်းသွားပြီဖြစ်သောကြောင့် ကျန်သုံးသင်းကိုသာ ယှဉ်ပြိုင်ခွင့်ပြုဖွယ်ရှိနေပြီး ပြိုင်ပွဲဝင်အသင်းများကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ရန်ကုန်မြို့၌သာ ကျင်းပမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို အသင်းများအားလုံးလိုက်နာကျင့်သုံးရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ယခုပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းမှာ ၂၀၂၁ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ