MFF Futsal Knockout Cup 2020 ပြိုင်ပွဲတွင် အသင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်

၁၉ ဇွန်

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် MFF Futsal Knockout Cup 2020 ပြိုင်ပွဲတွင် အသင်းပေါင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မေလတွင် ကျင်းပရန် စီစဉ်ထားသည့် MFF Open Cup ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျင်းပနိုင်ခြင်းမရှိသောကြောင့် MFF Futsal Knockout Cup 2020 ပြိုင်ပွဲကို နှစ်ကုန်ပိုင်းတွင် ပြန်လည်အစားထိုးကျင်းပခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို စက်တင်ဘာတွင် စတင်ကျင်းပရန် စီစဉ်ထားပြီး ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည်  ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ရုပ်သံထုတ်လွှင့်ရေးနှင့် စပွန်ဆာရှာဖွေရေးကဏ္ဍများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

 

ယင်းပြိုင်ပွဲနှင့်ပတ်သက်၍ ဇွန် ၁၈ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဌာနအသီးသီးမှ တာဝန်ခံများ၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် MFF Futsal Knockout Cup 2020 ကျင်းပနိုင်ရေး ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် အာဆီယံချန်ပီယံရှစ် ဖူဆယ်ပြိုင်ပွဲများနှင့် လက်ရွေးစင်အသင်း၏ ပြင်ဆင်မှုများ၊ ဖူဆယ်လိဂ်နှင့် ရှုံးထွက်ပြိုင်ပွဲများ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ ဖူဆယ်အားကစား တိုးတက်ရေးအတွက် ရေရှည်စီမံကိန်းနှင့် အထွေထွေကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့သည်။


သတင်း-ရဲရင့်ရှိုင်း