မေယုဒေသက ရခိုင်ရိုးရာဓလေ့ ဝါဆိုပန်းခူးပွဲ

အောင်ကြည်မိုး(စစ်တွေ)

 

ဝါဆိုလသည် မိုးဖြိုင်ဖြိုင်ရွာချသော အချိန်ကာလဖြစ်၍ သစ်ပင်ပန်းပင်တို့ စိမ်းလန်းစိုပြည်ကာ အပွင့်လှိုင်လှိုင် ပွင့်ကြသော အခါသမယလည်း ဖြစ်ပေသည်။ စာရေးသူ လူပျိုပေါက်အရွယ်က ဝါမဝင်မီ ဝါဆိုပန်းခူးခဲ့သည်ကို သတိရနေပါ၏။ လမြတ်ဝါဆိုခါနီး မိုးပြေးနှင့်အတူ အပေါင်းအဖော်များနှင့် ဝါဆိုပန်းခူးခဲ့ကြသည့် မြင်ကွင်းက စိတ်ကူးထဲ၌ စည်ကားသိုက်မြိုက်လျက် ရှိနေသည်။ ဝါဆိုပန်းများပွင့်သော ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်များအတွက် ထူးခြားသော လထူး၊ လမြတ်ဖြစ်သလို ရဟန်းသံဃာတော်များ ဝါဆို၊ ဝါကပ်တော်မူသော လလည်းဖြစ်သည်။ ဘုရားရှင်သာသနာတော်ရှိ ရဟန်းတော်တို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းပရိဝုဏ်အတွင်းမှ အရပ်တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို၊ ဝါကပ်မှုများကို ပြုကြရသည်။

 

ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တစ်ဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့သွားရောက်၍ ဝါဆိုပန်းများကပ်လှူခြင်း၊ ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။

 

ဝါဆိုလသည် မြန်မာ့ရာသီစက်ဝန်း၏ စတုတ္ထမြောက်လဖြစ်ပြီး နွေတစ်ပိုင်း၊ မိုးတစ်ပိုင်း လရာသီဖြစ်သည်။ ဇွန်လနှင့် ဇူလိုင်လတို့တွင် ကျရောက်သည်။ ဝါဆိုလတွင် မြင့်မိုရ်တောင်၏ အရံတောင် တစ်လုံးဖြစ်သော ယုဂန္ဓိုရ်တောင် ပေါ်တွင် ပြုဗ္ဗာသာဠ်နက္ခတ်ထွန်းပေါ်သော ရာသီလည်း ဖြစ်သည်။ ရာသီခွင်အရမူ ဝါဆိုလကို “ကြကဋ်”၊ “ကရကဋ်” ရာသီဟု ခေါ်ဆိုကြသည်။ “ကိုးခွင်ငယ်မှိုင်းပါလို့ မြင်တိုင်းမှာ တဲ့မည်းညို၊ လဲ့လဲ့ငယ်စို၊ ယုဂန္ဓိုရ်တောင်မဟာက၊ ပြုဗ္ဗာသဠ် ထွန်းတဲ့လကိုလေး။ ဆင်တာရာငယ်ရာသီကရကဋ်၊ နရိန္ဒာလဲ၊ ညာတောင်နတ်နှင့်၊ ဖိုလ်မြတ်ကယ်နိဗ္ဗူ အောင်ဆုယူလို့၊ ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသောအခါ၊ ရေလျှံတဲ့ ဝါဆိုမှာ၊ ပုန်းညက်ညိုမာလာမင်းက၊ သင်းလှတယ်လေး” ဟူ၍ မဟာအတုလမင်းကြီးက ဆယ်နှစ်လရာသီဘွဲ့ လွမ်းချင်းတွင် အထက်ပါအတိုင်း ဝါဆိုလကိုဖွဲ့ဆိုထားခဲ့သည်။ ဝါဆိုလသည် မြန်မာ့ဆယ့်နှစ်လတွင် နေ့တာအရှည်ဆုံး လဖြစ်သလို ဗုဒ္ဓသာသနာတော်တွင် ထူးခြားသည့် ကာလလည်းဖြစ်နေရသည်။ ဝါဆိုလကို ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးက “သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြာ ဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ ကြည်ဖြူ၊ သန္ဓေယူသည်” ဟု မှတ်တမ်းတင်ခဲ့သည်။

 

ရဟန်းသံဃာတော်များ ဝါဆိုလ၌ ဝါဆိုသည့်အခါ ပူဇော်ဆက်ကပ်နိုင်ဖို့ ဝါဆိုပန်းနှင့် ဝါဆိုဖယောင်းတိုင်ကြီးများအား ဘုန်းတော်ကြီးကျောင်းများ၌ လှူဒါန်းကြရာမှ ဝါဆိုပန်းခူးဓလေ့ ရခိုင်သ၌ ရှိလာနေရခြင်းဖြစ်သည်။ ဝါဆိုလ၌ ဝါဆိုပန်းခူး၍ ဘုရားစေတီပုထိုးများ၌ ဝါဆိုပန်းကပ်လှူခြင်းသည် ရခိုင်လူမျိုးတို့၏ ရိုးရာဓလေ့ တစ်ခုဖြစ်သည်။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ကို ဝါဆိုပန်းခူးနေ့ဟု သတ်မှတ်ပြီး တချို့ ရခိုင်ဒေသများ၌ ဝါမဆိုမီနေ့အား ဝါဆို ပန်းခူးနေ့ဟု သတ်မှတ်ထားကြသည်။ မေယုဒေသ၊ မောင်တောခရိုင်၌ ဝါဆိုလပြည့်ကျော်နေ့တွင် ဝါဆိုပန်းခူးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသည်။ စာရေးသူတို့ လူပျိုပေါက်ဘဝတုန်းက ဝါမဆိုမီနေ့၌ ရွာမှအမျိုးသား၊ အမျိုးသမီးများစုပေါင်း၍ ရွာနှင့်နီးစပ်ရာ တောတန်းများသို့ ပန်းခူးခဲ့ကြသည့်ဓလေ့ ရှိနေခဲ့သည်။ အလေ့ကျပေါက်နေသော တောရိုင်းပန်းများကို လိုက်လံခူးဆွတ်ကြရပေသည်။

 

အချို့သော ရခိုင်ကျေးလက်ဒေသများတွင် အပျို၊ လူပျိုများ လှေများဖြင့်စုဖွဲ့ကာ ချောင်းရိုးတစ်လျှောက် ကမ်းစပ်နံဘေး၌ အလေ့ကျပေါက်သော ပန်းများကိုခူး၍လှေဦး၌ အလေးမြတ်ထား၍ ယူဆောင်လာကြသည်။ ဝါဆိုလပြည့်နေ့ည ရွာဦးဘုန်းကြီးကျောင်း၌ ဘုရားပန်းအိုးများ၌ ပန်းထိုးခြင်း၊ ဝါဆိုဖယောင်းတိုင် ထွန်းညှိခြင်းနှင့် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ဝါဆိုပန်းကပ်လှူပူဇော်၍ ကုသိုလ်ယူတတ်ကြသည်။ ဝါဆိုပန်းခူးဓလေ့သည် ပျော်ရွှင်စရာ အလွန်ကောင်းသည့် ရခိုင်ရိုးရာဓလေ့ တစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။

 

ရခိုင်ပြည်နယ်၊ မေယုဒေသ၊ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့တို့၌ အပျို၊ လူပျို ကာလသား၊ ကာလသမီးများက မေယုတောင်ကြားတွင် စုပေါင်းကာ အလေ့ကျပေါက်သောပန်းများကို လိုက်လံခူးဆွတ်ကြပြီး ဘုန်းကြီးကျောင်းများနှင့် ဘုရားစေတီများတွင် လိုက်လံလှူဒါန်းကြ၏။ အဆိုပါ ဝါဆိုပန်းခူးဓလေ့အား ရခိုင်တို့၏မွန်မြတ်သော ရိုးရာဓလေ့တစ်ခုအဖြစ် မေယုဒေသ၊ မောင်တောခရိုင်၌ ယနေ့တိုင် ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။

 

ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် မောင်တောခရိုင်ရှိ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့များမှ မြို့သူ၊ မြို့သားများသည် ဘူးသီးတောင်-မောင်တော ကားလမ်းဘေး မေယု တောင်ကြားရှ ိတောအုပ်များ၌ ကားကြီး၊ ကားငယ်အသွယ်သွယ်ဖြင့် တစ်ရက်လုံးနီးပါး ဝါဆိုပန်းခူးဖို့လာရန် စုပေါင်း လာရောက်ကြသည်။ ရပ်ကွက်အသီးသီးမှ မိသားစုအလိုက်၊ သူငယ်ချင်းစုအလိုက် ကားများဖြင့်လာရောက်၍ နံနက်ပိုင်းတွင် ထမင်းကို စုပေါင်းချက်ပြုတ် စားကြပြီး နေ့လယ်ပိုင်းတွင် ဝါဆိုပန်းခူးကြသည်။

 

အချုပ်အားဖြင့်ဆိုရသော် ဝါဆိုပန်းခူး၍ ဝါဆိုပန်း ကပ်လှူခြင်းသည် ရခိုင်လူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော်လည်း ယနေ့အချိန်တွင် တောပန်းများခူးရန် တောတောင်ရေမြေ ရှားပါးလာခြင်း သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပြောင်းလဲလာခြင်း စသည်တို့ကြောင့် ဝါဆိုပန်းခူးဓလေ့ ပျောက်ကွယ်ရမည့် အခြေအနေသို့ ရောက်ရှိလာနေသည်။ သို့သော်လည်း မေယုဒေသ၊ မောင်တောခရိုင်၌ ရခိုင်ရိုးရာ ဝါဆိုပန်းခူးဓလေ့အား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။