မေတ္တာမြို့၌ ကွမ်းသီး‌ပေါ်ချိန်တွင် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိ

မေတ္တာ   ၁၃  ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့၌ ကွမ်းသီးပေါ်ချိန်ကာလတွင် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိလျက်ရှိကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူ စောဆိုးဂေထံမှ သိရသည်။

 

“မနှစ်က ကွမ်းသီးပင် တစ်ပင်ကို အနည်းဆုံး နှစ်ခိုင်၊ သုံးခိုင်‌လောက် ခူးဆွတ်ရပြီး ပိသာချိန် နှစ်ထောင်နီးပါး‌ ရောင်းချရတယ်၊ ” ဟု ၄င်းက ပြောသည်။

 

လက်ရှိကွမ်းသီး‌‌ပေါ်ချိန်တွင် ပေါက်ဈေးမှာ အ‌‌ခြောက်ပါကင် တစ်ပိသာ ကို ၄၈၀ဝ ကျပ်၊ အစိုတစ်လုံးမှာ ၂၅ ကျပ်ဖြစ်ပြီး မနှစ်က တစ်ပိသာကို ၃၇၀ဝ ကျပ်နှင့် အစိုတစ်လုံးကို ၂၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း မေတ္တာမြို့ ကွမ်းသီးအရောင်းအဝယ် လုပ်ကိုင်သူ စောမိုးအယ်ထံမှ သိရသည်။

 

“အဓိက တင်ပို့တာကတော့ ထားဝယ်မြို့က အဝယ်ဒိုင်ကြီးကိုပါ၊ ဒီနှစ်က ကွမ်းသီးအထွက်နည်းတော့ မနည်းလိုက်ပြီး ရှာဝယ်နေရတယ်၊ တင်ပို့မှုကလည်း မနှစ်ကထက်ကို အခေါက်ရေလျော့ကျသွားတယ်" ဟု ၎င်းက ပြောသည်။

 

မေတ္တာမြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး ကွမ်းသီးခြံများကို မြို့အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော ဖောင်းတောကျေးရွာအုပ်စု၊ မြေးခံဘော်ကျေးရွာအုပ်စု၊ ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ဟိန္ဒားကျေးရွာအုပ်စုများတွင် အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

 

နန်းခလိုက်ရှု(ပြန်/ဆက်)