မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ပျိုးခြင်းဖြင့် တောင်သူဘဝတိုးတက်အောင် ဆောင်ရွက်ကြပါစို့

ထက်လျှံ

 

ယခုနှစ် မုတ်သုံအဝင်နောက်ကျမှုနှင့်အတူ မိုးရွာချိန်နည်းပါးနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များက ခန့်မှန်းထားကြပြီး တောင်သူများအနေဖြင့် သမားရိုးကျစိုက်ပျိုးနည်းစနစ်မှ စိုက်ပျိုးနည်းစနစ်မှန် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၎င်းတို့က အကြံပြုထားသည်။

 

အဆိုပါပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ တောင်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနက စပါးစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ် များနှင့် ပံ့ပိုးကူညီပေးသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက် ပါသည် -

 

မေး။ စပါးစိုက်ပျိုးနည်းစနစ် ဘယ်နှမျိုးရှိပါသလဲ။

 

ဖြေ။ ဒေသအလိုက် စပါးစိုက်ပျိုးနည်းစနစ်တွေ အများကြီးရှိပါတယ်။ စိုက်ပျိုးနည်းစနစ် အုပ်စုအနေနဲ့ အဓိက အုပ်စုနှစ်ခုရှိပါတယ်။ တိုက်ရိုက်အစေ့ချ စိုက်ပျိုး နည်းနဲ့ ပျိုးထောင်စိုက်ပျိုးနည်းတို့ဖြစ်ပါတယ်။ တိုက်ရိုက် စိုက်ပျိုးနည်းအဖြစ် လက်ရှိအသုံးပြုနေတာတွေက တိုက်ရိုက်မျိုးစေ့ချ အစိုစိုက်ပျိုးနည်း၊ တိုက်ရိုက်မျိုးစေ့ချ အခြောက်စိုက်ပျိုးနည်း၊ မျိုးစေ့ချ ကိရိယာနဲ့ စိုက်ပျိုးနည်း၊ စက်ဖြင့် ကြဲပက်စိုက်ပျိုးနည်း၊ လက်ဖြင့် ကြဲပက်စိုက်ပျိုး နည်းနဲ့ တောင်ယာစိုက်ပျိုးနည်းတွေ ဖြစ်ပါတယ်။ ပျိုးထောင်စိုက်ပျိုးနည်းအဖြစ် လက်ရှိအသုံးပြုနေတဲ့ မိရိုး ဖလာပျိုးထောင်စိုက်ပျိုးနည်း၊ ပေါင်ဖြင့်ပျိုး၍ စိုက်ပျိုးနည်း၊ ပျိုးသက်နုကောက်ကွက်ကြဲ(SRI) စိုက်ပျိုးနည်း၊ ပျိုးဖျာလိပ် ပျိုးထောင်စိုက်ပျိုးနည်း၊ စူးထိုးစိုက်ပျိုးနည်းနဲ့ ပျိုးဗန်းနှင့် ပျိုးထောင်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းတို့ဖြစ်ပါတယ်။

 

မေး။ စိုက်ပျိုးနည်းတွေ အမျိုးမျိုးကွဲပြားနေမှုကို ပြောပြပေးပါဦးခင်ဗျာ။

 

ဖြေ။ နေရာဒေသအလိုက် ရေ၊ မြေ၊ ရာသီဥတုကွာခြားမှုတွေ၊ လုပ်သားအင်အား ရရှိနိုင်မှုတွေနဲ့ မိမိထုတ် လုပ်တဲ့ စပါးအမျိုးအစားတွေကို စိုက်ထုတ်သုံးစွဲနိုင်တဲ့ ကုန်ကျစရိတ်စတာတွေကို အခြေပြုပြီး ကွဲပြားကြခြင်းဖြစ်ပါ တယ်။ ယခုလို ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ် နဲ့အညီ မိမိတို့ဒေသနဲ့ သင့်လျော်တဲ့ စိုက်ပျိုးနည်းတွေကို ပြောင်းလဲစိုက်ပျိုးနိုင်ဖို့ သတင်းစာတွေ၊ မြန်မာ့ရုပ်မြင်သံ ကြားနဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ ပညာပေးတင်ပြနေပါတယ်။

 

နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း တစ်ခုဖြစ် တဲ့ TEFY SAINA ရဲ့ “စပါးကို အထွက်တိုးစေဖို့ထက် မိမိတို့ရဲ့ အသိဉာဏ်ပညာကို တိုးတက်အောင်ဆောင်ရွက်ပါ” ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အားလုံးတက်ညီလက်ညီနဲ့ တစ်စိတ်တစ်ဝမ်းတည်းဆောင် ရွက်ဖို့ လိုအပ်ပါတယ်။

 

မေး။ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေမှာ ဘယ်လိုစိုက်ပျိုးနည်းတွေကို အသုံးပြုရင် အဆင်ပြေနိုင်မယ် ဆိုတာကို ပြောပြပေးပါဦးခင်ဗျာ။

 

ဖြေ။ ဘယ်ဒေသတွေမှာ ဘယ်လိုစိုက်ပျိုးနည်းကို သုံးသင့်တယ်ဆိုတာထက် ဘယ်လိုအခြေအနေ တွေမှာ ဘယ်လိုစိုက်ပျိုးနည်းတွေသုံးမယ်၊ ဘယ်လိုဆောင် ရွက်ကြမယ်ဆိုတဲ့အကြောင်းကို ဆွေးနွေးပြောကြားချင်ပါတယ်။

 

ဦးဆုံးအနေနဲ့ ယခုနှစ်လို မုတ်သုံလေဝင်ရောက်မှု နောက်ကျပြီး မိုးရွာနည်းနိုင်တဲ့ အခြေအနေမှာ စိုက်ပျိုး ရေကို ချွေတာသုံးစွဲနိုင်တဲ့ နည်းတွေအကြောင်းဖြစ်ပါတယ်။ ဒီနည်းတွေက ပျိုးသက်နုကောက်ကွက်ကြဲ(SRI)စနစ်၊ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ် (အခြောက် /အစို)၊ Drum Seeder ဖြင့် စိုက်ပျိုးခြင်းစနစ်နဲ့ ကြဲခင်းစနစ်တို့ဖြစ်ပါ တယ်။ စိုက်ပျိုးနည်းစနစ်အကြောင်းတွေကို သတင်းစာ တွေကနေတစ်ဆင့် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဆက်ပြီး ပြောပြချင်တာက စိုက်ပျိုးနည်းစနစ်တစ်ခုချင်းစီရဲ့ အားသာ ချက်၊ အားနည်းချက်တွေနဲ့ ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ် တွေကို ရှင်းပြလိုပါတယ်။

 

ပထမဦးဆုံးအနေနဲ့ ပျိုးသက်နုကောက်ကွက်ကြဲစနစ် (SRI)က လက်တွေ့စနစ်တကျ ဆောင်ရွက်နိုင်မယ်ဆိုရင် အကောင်းဆုံးတွေထဲက နည်းတစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီနည်းရဲ့ အဓိကအားနည်းချက်က လယ်ယာလုပ်သား အခက်အခဲပါ။ အဓိက ကောက်စိုက်လုပ်သားရရှိနိုင်မှုနဲ့ ပေါင်းထိုးတဲ့ လုပ်သားရရှိနိုင်မှုတွေအပေါ် မူတည်ပါတယ်။ ဒါတွေ ပြည့်စုံအောင် စနစ်တကျစီမံနိုင်မယ်ဆိုရင် အားသာ ချက်အတော်များတဲ့ စိုက်ပျိုးနည်းတစ်ခု ဖြစ်ပါတယ်။

 

အားသာချက်တွေက အလွယ်တကူ ပျိုးထောင်နိုင် တယ်။ ပျိုးထောင်စရိတ်ကုန်ကျမှု နည်းတယ်။ မျိုးဖိုးကုန်ကျ မှု မရှိသလောက်ပဲ။ မျိုးကတစ်ဧက နို့ဆီဘူး ၁၀ ဘူးပဲကုန် လို့ဖြစ်ပါတယ်။ ရေရှည်စိုက်ပျိုးမယ်ဆိုရင် ဒီစိုက်ပျိုးနည်း ကြောင့် မြေဆီသြဇာ ပိုမိုဖြစ်ထွန်းစေပါတယ်။ စပါးပင်တွေ သန်စွမ်းလို့ ရာသီဥတုဒဏ်ပိုခံနိုင်တဲ့အပြင် ပိုးမွှားရောဂါ ကျရောက်မှု လျော့နည်းပါတယ်။ ဒါ့အပြင် စပါးနှံရဲ့အလေး ချိန်ပိုစီးပြီး အကျိုးအကြေနည်းတာတွေက ဒီစိုက်နည်းရဲ့ အားသာချက်ဖြစ်ပါတယ်။ ဒါတွေအပြင် စိုက်ပျိုးချိန်မှာ အသုံးပြုရတဲ့ ရေကလည်း မိရိုးဖလာနည်းထက် တစ်ဝက် ခန့်လျော့ကျတာမို့ ရေကိုလည်း ချွေတာနိုင်ပါတယ်။

 

ဒီစိုက်ပျိုးနည်းအပြင် ရေသုံးစွဲမှုကို လျှော့ချနိုင်ပြီး လုပ်သားအခက်အခဲရှိတဲ့ဒေသတွေမှာ စိုက်ပျိုးနိုင်တဲ့ တိုက် ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းဖြစ်တဲ့ အခြောက်နဲ့အစိုစိုက် ပျိုးနည်းတွေ အကြောင်းကို ပြောလိုပါတယ်။


မေး။ ဒီစိုက်ပျိုးနည်းနှစ်ခုက ဘယ်လိုကွာခြားတယ်ဆိုတာကို ပြောပြပေးပါဦးခင်ဗျာ။

 

ဖြေ။ မြေပြုပြင်တဲ့အပေါ်မှာ မူတည်ပြီး ကွာခြားတာဖြစ်ပါတယ်။ စိုက်ခင်းမြေကို အခြောက်ထယ်ထိုး ထွန်မွှေပြီး အခြောက်မျိုးစေ့ချစိုက်ပျိုးရင် အခြောက်စိုက်ပျိုးနည်းလို့ခေါ်ပြီး အစိုတမန်းပြင်ပေါ်မှာ စပါးမျိုးစေ့ကို မျိုးညှောက်ဖောက်ပြီး မျိုးစေ့ချစိုက်ပျိုးမယ်ဆိုရင် အစို စိုက်ပျိုးနည်းလို့ခေါ်ပါတယ်။

 

မေး။ ဒီလို စိုက်ပျိုးနည်းတွေကို ဘယ်လိုအခြေအနေမျိုးမှာ စိုက်ပျိုးကြပါသလဲခင်ဗျာ။

 

ဖြေ။ ရေကြီးကွင်း၊ ရေနက်ကွင်းတွေမှာ ရေမဝင်မီ စိုက်ပျိုးချင်တယ်ဆိုရင် အခြောက်စိုက်ပျိုးနည်းကို သုံးကြပါတယ်။ ရေတော်မိုးတော်တွေမှာ စပါးစောစောပေါ်ဖို့ နဲ့ ပျိုးထောင်ရေ အလုံအလောက်မရရှိခဲ့ဘူးဆိုရင် အစိုစိုက် ပျိုးနည်းကို အသုံးပြုကြပါတယ်။ ဒီနည်းတွေရဲ့ အားနည်း ချက်တွေက စိုက်ပျိုးပြီးခါစ ကြက်ကောက်၊ ငှက်ကောက် ခံရတာတွေ၊ မျိုးစေ့ချပြီး မိုးသည်းထန်စွာရွာလို့ အပင် ပေါက်နှုန်း နည်းတာတွေ၊ ပေါက်ပုံ မညီညာတာတွေပဲ ဖြစ်ပါတယ်။

 

မေး။ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးတဲ့အခါ ပေါင်းပေါက်ရောက်မှုပိုမိုများတယ်လို့ သိရပါတယ်။ ပေါင်း အတွက် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုလည်း သိလိုပါတယ်။

 

ဖြေ။ ပေါင်းပေါက်ရောက်မှုကို ကာကွယ်နိုင်တဲ့နည်းတွေ အကြောင်းကို ပြောမယ်ဆိုရင် ပထမဆုံး မြေပြင်တဲ့ အချိန်ကစပြီး ပြောရမှာဖြစ်ပါတယ်။ ထွန်ရေးနက်နက်၊ ထယ်ရေးညက်ညက် ဖြစ်ရပါမယ်။ တမန်းပြင်ကို ညီညာ အောင်ဆောင်ရွက်ပြီး မျိုးစေ့မချမီ တမန်းပြင်ကို ရေပြောင် စင်အောင်ထုတ်၊ တမန်းအိပ်အောင် ထားပေးဖို့လိုပါတယ်။ စပါးအပင်ဖြစ်လာပြီး ပေါင်းနှိမ်နင်းနည်းတွေက လက်ပေါင်း လိုက်တဲ့ လုပ်ငန်းတွေ၊ အတန်းလိုက် မျိုးစေ့ချစိုက်ပျိုးထား တယ်ဆိုရင်လည်း ကြားပေါင်းလိုက် ကိရိယာကိုသုံးပြီးပေါင်း နှိမ်နင်းနိုင်ပါတယ်။


ဒီနေရာမှာ စပါးအပင်ပေါက် အားကောင်းတဲ့ လယ်ကွင်းတွေမှာ အတန်းလိုက် စိုက်ပျိုးမထားပေမယ့် ကြားပေါင်းလိုက်ကိရိယာကိုသုံးပြီး ပေါင်းပင်နဲ့ စပါးပင် တွေရောပြီး မြေကြီးအတွင်းမြှုပ်ကာ အကွက်ဖော်တဲ့နည်း ကို အသုံးပြုနိုင်ပါတယ်။ နောက်တစ်နည်းက ပေါက်ရောက် တဲ့ ပေါင်းအမျိုးအစား အပေါ်မူတည်ပြီး မှတ်ပုံတင်ထားတဲ့၊ သင့်လျော်တဲ့ ပေါင်းသတ်ဆေးကို အသုံးပြုခြင်းဖြစ်ပါတယ်။

 

မေး။ ပိုးမွှားရောဂါကျရောက်မှုတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

 

ဖြေ။ တိုက်ရိုက်အစေ့ချနည်းစနစ်နဲ့ စိုက်တဲ့အခါမှာ အပင်အရေအတွက်များပါတယ်။ ဒီအတွက် ပိုးမွှား ကျရောက်မှုကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီစိုက်နည်းမှာ ပေါင်းပင်တွေများနိုင်တဲ့အတွက် လက်ခံပေါင်းပင်တွေပေါ် မှာ ပိုးမွှားတွေ ရှင်သန်နေတတ်ပါတယ်။ ပေါင်းပင်က အစာ အာဟာရကို လုယူစားသုံးမှု ရှိတတ်ပါတယ်။ ဒါကြောင့် ပေါင်းနှိမ်နင်းတဲ့အလုပ်ကို မဖြစ်မနေလုပ်ပေးဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် ပိုးမွှားကင်းထောက်လုပ်ငန်းတွေကို လုပ်ရ ပါမယ်။ ဖျက်ပိုးနဲ့ မိတ်ဆွေပိုးခွဲခြားနိုင်ဖို့ စိုက်ပျိုးရေးဦးစီး ဌာနရဲ့ အကူအညီနဲ့ စီးပွားရေးအရ ထိခိုက်မှု ရှိ၊ မရှိ စိစစ်ပြီး လိုအပ်ပါက ဆေးဖျန်းပေးရပါမယ်။ SRI နည်းမှာ အသုံးပြု တဲ့ တောင်သူတွေလက်ထဲ အလွယ်တကူရရှိနိုင်တဲ့ နွားသေး၊ နွားချေး၊ ထန်းလျက်နဲ့ ရေတို့ကိုအသုံးပြုပြီး ပိုးသတ်ဆေး ဖျော်ရည်ပြုလုပ်သုံးစွဲနိုင်ပါတယ်။ ပင်ပိုင်းကြီးထွားစဉ် ကာလမှာ နှစ်ပတ်တစ်ကြိမ်လောက် ဖျန်းပေးနိုင်ပါတယ်။ ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်းတဲ့စနစ်ကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

 

မေး။ စိုက်ပြီးဖြစ်တဲ့စိုက်ခင်းကို ပြုစုပျိုးထောင်နိုင်တဲ့ နည်းတွေကို သိပါရစေခင်ဗျာ။

 

ဖြေ။ SRI စိုက်ပျိုးနည်းမှာ သတ်မှတ်တဲ့ရက်တွေအတိုင်း ရေသွင်း၊ ရေထုတ်လုပ်ပေးဖို့နဲ့ ပေါင်းလိုက်ကိရိယာ ကို အသုံးပြုပေးဖို့လိုအပ်ပါတယ်။ စပါးပင်ရဲ့အခြေအနေ အရပ်ရပ်အလိုက် လိုအပ်တဲ့မြေသြဇာ အမျိုးအစားတွေကို ထည့်ပေးဖို့ လိုအပ်ပါတယ်။ တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်း မှာ အထက်ပါကိစ္စရပ်တွေအပြင် ပေါင်းနဲ့ ပိုးမွှားအန္တရာယ် ကို အချိန်နဲ့အမျှ ဂရုပြုပြီး နှိမ်နင်းဆောင်ရွက်သွားဖို့ ဖြစ်ပါ တယ်။

 

မေး။ ရိတ်သိမ်းချိန် ဆောင်ရွက်သင့်တဲ့ကိစ္စရပ်တွေကို ရှင်းပြပေးပါဦးခင်ဗျာ။

 

ဖြေ။ ရိတ်သိမ်းချိန်မှာ အထူးဂရုပြုသင့်တာက မိုးလေဝသ အခြေအနေ ဖြစ်ပါတယ်။ ရိတ်သိမ်းတဲ့အချိန်က မိုးမရွာတဲ့အချိန်မဖြစ်ဖို့ အထူးဂရုပြုရပါမယ်။ မတော်လို့ ရိတ်သိမ်းချိန်မှာ မိုးမိပါက ရိတ်သိမ်းပြီးစပါးတွေကို ၂၄ နာရီအတွင်း အခြောက်ခံပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် အခြောက်ခံစက်ကို အသုံးပြုရပါမယ်။ ရိတ်သိမ်းပြီး စပါး တွေကို အမိုးအကာအောက် အမြန်ရောက်အောင် ဆောင် ရွက်ပေးဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနရဲ့ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ချက်တွေကို ဂရုပြုဖို့လိုအပ်ပါတယ်။

 

မေး။ အခြား အသိပညာပေးလိုတဲ့အချက်တွေကို ပြောပြပေးပါဦး။

 

ဖြေ။ စိုက်ပျိုးရေးဆိုင်ရာ သိထားသင့်တဲ့အချက်တွေနဲ့ ကုစားနိုင်တဲ့အချက်အချို့ကို ပြောပြချင်ပါတယ်။ ပထမဆုံးပြောချင်တာက စပါးစိုက်ပျိုးတဲ့နေရာမှာ ရေအမြဲ တမ်းရှိနေရမယ်ဆိုတဲ့အချက်ကို ပြောချင်ပါတယ်။ စပါး ပင်ရဲ့ ပင်ပိုင်းကြီးထွားချိန်ကာလမှာ ရေအမြဲရှိနေတာထက် ရေကို စိုတစ်ခါခြောက်တစ်လှည့်ထားခြင်းက အပင်ရဲ့ အမြစ်တွေပျက်စီးမှုကို လျော့နည်းစေသလို လေရှူတဲ့ အင်္ဂါရပ်ကနေတစ်ဆင့် အပင်အတွက် လိုအပ်တဲ့လေ (အောက်ဆီဂျင်) ကို ရရှိစေမှာဖြစ်ပါတယ်။ မိရိုးဖလာအနေနဲ့ ပေါင်းပင်နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ ရေလွှမ်းနေတဲ့ အခြေ အနေမျိုးမှာ အမြဲတမ်းပေးထားပါတယ်။ နောက်တစ်ခုက စိပ်စိပ်စိုက်တဲ့ကိစ္စဖြစ်ပါတယ်။ အပင်တွေကို စိပ်စိပ်စိုက် တော့ အရိပ်ကျနေတဲ့ စပါးပင်ရဲ့ အရွက်တွေအတွက် အစာ ချက်လုပ်ဖို့ လိုအပ်တဲ့ အလင်းရောင်ကို လုံလောက်စွာ မရရှိတဲ့အတွက် အပင်ရဲ့အလင်းနဲ့ အစာဖွဲ့စည်းထုတ်လုပ် ခြင်း ဖြစ်စဉ်ကို ထိခိုက်မှုရှိစေပါတယ်။

 

နမူနာအနေနဲ့ SRI စိုက်ပျိုးနည်းမှာ ဒီဖြစ်စဉ်ကို အဓိကထားရှောင်ရှားနိုင်တဲ့အတွက် ကောင်းမွန်တဲ့ရလဒ် တွေကို ရရှိပါတယ်။ ပျိုးသက်နု ရွှေ့ပြောင်းစိုက်ပျိုးမှုတွေက ပင်ပွားထွက်မှုနဲ့ အမြစ်ကြီးထွားမှုကို ဖြစ်စေတဲ့ စွမ်းရည် တွေပျောက်ဆုံးစေမှုကို လျော့နည်းစေပါတယ်။ နောက်တစ်ခု က SRI စနစ်မှာ တင်ပြခဲ့တဲ့ ပျိုးထောင်နည်းမှာအသုံးပြုတဲ့ ပျိုးခင်းအတွက် မြေကိစ္စဖြစ်ပါတယ်။

 

စပါးပင်တစ်ပင်က အစေ့တွင်းအစာကို ၁၄ ရက်ခန့် အထိ စားသောက်နေထိုင် ကြီးပြင်းနိုင်တာမို့ ပျိုးခင်း အတွက် မြေကိုပြုပြင်တဲ့အခါမှာ ထူးထူးခြားခြား ပျိုးခင်း အတွက် မြေသြဇာဖိုး ကုန်ကျမှုမရှိတော့ပါဘူး။ မြေရောစပ် ပေးရတာက ပျိုးပင်စိုက်ပျိုးတဲ့အခါမှာ လိုအပ်တဲ့ ကောင်းမွန်တဲ့ စေးကပ်မှုရရှိဖို့အတွက် ဖြစ်ပါတယ်။ ဆက်ပြီး ပြောလိုတာက ကုစားမှုအပိုင်း ဖြစ်ပါတယ်။ ရာသီ ဥတုကြောင့် စိုက်ခင်းတွေ ရေလွှမ်းမိုးလို့ ပြန်လည်စိုက်ပျိုးဖို့ အချိန်မီသေးတယ်ဆိုရင် ပြန်လည်စိုက်ပျိုးဖို့ ဆောင်ရွက်နိုင် တဲ့နည်းဖြစ်ပါတယ်။ ရေလွှမ်းမိုးတဲ့အချိန်ကစပြီး ဖျာပုံ သဏ္ဌာန်ပျိုးထောင်နည်းနဲ့ ရေလွတ်ရာနေရာမှာ ပျိုးထောင် ထားဖို့ လိုအပ်ပါတယ်။ ဒါက ပြန်လည်စိုက်ပျိုးတဲ့အချိန်မှာ ပျိုးသက်ရနေဖို့ ဖြစ်ပါတယ်။ ရေက တော်တော်နဲ့မကျလို့ ရှိရင်လည်း (၁၄ ရက်ထက်ပိုကြာရင်) ပျိုးခင်းကို လိုအပ်တဲ့ ယူရီးယားမြေသြဇာ အနည်းငယ်ကျွေးပေးခြင်းဖြင့် လက်တွေ့စိုက်ပျိုးတဲ့အခါမှာ ပျိုးသက်ရနေတဲ့အတွက် အချိန်ကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာ က သဘာဝဘေးနဲ့ကြုံတွေ့တိုင်း စိုက်ပျိုးရေးနဲ့ပတ်သက် ပါက စိုက်ပျိုးရေးဦးစီးဌာနကို သတိရပေးဖို့ ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဌာနပေါင်းစုံအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ အသင့် ဖြစ်နေတယ်ဆိုတဲ့အကြောင်း အသိပေးပြောကြားလိုပါတယ်။

 

သီးနှံမျိုးနဲ့ စိုက်ပျိုးနည်းစနစ်တွေက အခြေအနေတွေ အပေါ်မူတည်ပြီး ဒေသတစ်ခုနဲ့တစ်ခု မတူညီဘဲ ပြောင်းလဲ နိုင်ပါတယ်။ “မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မြေအမျိုးအစားအပေါ် မူတည်ပြီး သီးနှံမျိုးတွေကို ရွေးချယ်စိုက်ပျိုးဖို့လိုသလို အဲဒီမျိုးအပေါ်မှာမူတည်ပြီး စိုက်နည်းစနစ်ကို လိုက်လျော ညီထွေကျင့်သုံးဖို့ လိုအပ်ပါတယ်။ စိုက်ချိန် မှန်ကန်အောင် စိုက်ပျိုးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှ သက်ရှိအပင်တွေရဲ့ လိုအပ်နေတဲ့ ရေ၊ မြေ၊ လေ၊ မီး(နေရောင်) ဓာတ်လေးပါးကို ပြည့်စုံလုံလောက်စွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် နည်းစနစ်တစ်ခုချင်းအနေနဲ့ သီအိုရီအရ ခိုင်မာဖို့လိုပါတယ်။ လက်တွေ့ကျင့်သုံးနိုင်ဖို့လိုသလို ရေ၊ မြေသဘာဝနဲ့ ကိုက်ညီရပါမယ်။ စီးပွားရေးအရ အကျိုး အမြတ် တွက်ခြေကိုက်မှု ရှိ၊ မရှိကို ဈေးကွက်နဲ့ ယှဉ်တွဲ စဉ်းစားပေးရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို နှစ်စဉ် မစိုက်ပျိုးမီအချိန်မှာ စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ။