မြောင်းမြခရိုင်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ကျေးရွာပေါင်း (၄၂)ရွာတွင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့

မြောင်းမြ    ၂၅     စက်တင်ဘာ 

 

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မိသားစု ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန်နှင့် လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး ၊ မွေးမြူရေး ထုတ်လုပ်သူများနှင့်အသေးစား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေး အရင်းအနှီးဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများကို ကျေးရွာပိုင်ဆိုင်သည့် မတည်ရန်ပုံငွေထူထောင်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

mdn

 

ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ခရိုင်အတွင်းရှိ မြို့နယ် ၃ မြို့နယ်၌ ဇူလိုင်လမှ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျေးရွာပေါင်း (၄၂)ရွာတွင် အကျိုးခံစားခွင့်ရှိသော အိမ်ထောင်စု (၄၈၂၄) စုသို့ လုပ်အားခငွေကျပ် (၂၇၆)သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

"  ခရိုင်အတွင်းက ကျေးရွာ(၄၂) ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးလက်ဒေသရှိ ကျေးရွာနေ ပြည်သူတွေအတွက် လုပ်အားခငွေကျပ် (၂၇၆.၆၄၂) သန်း ကျော် ဝင်ငွေရရှိစေရန် စီမံကိန်း အနေနဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် " ဟု   မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသင်းဦး က ပြောသည်။

 

စီမံကိန်း ဆောင်ရွက်မှုတွင် လမ်းလုပ်ငန်းပေါင်း (၇၄)လမ်း (၃၁.၄၆ မိုင်) ၊ ကွန်ကရစ်ဘီးလမ်း (၁)လမ်း (၁.၈၆ မိုင်) ၊ သံဘောင်တံတားပြုပြင်ခြင်း (၁)ခု ၊ ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (၂)ခု ၊ မြေသား ရေကန်ပြုပြင်ခြင်း လုပ်ငန်း(၂)ခု ၊ အားကစားကွင်း ပြုပြင်ခြင်းလုပ်ငန်း (၄)ခု ၊ ရေနုတ်မြောင်း တူးဖေါ်ခြင်း လုပ်ငန်း(၂)ခု ၊ စာကြည့်တိုက် ဆေးသုတ်ခြင်း (၁)ခု ၊ စာသင်ကျောင်း ခြံစည်းရိုးပြုပြင်ခြင်း လုပ်ငန်း (၂) ခု ၊ စာသင်ကျောင်း ကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်း(၁)ခု ၊ မြေထိန်းနံရံ ပြုပြင်ခြင်း လုပ်ငန်း (၁)ခု ၊ စုစုပေါင်းလုပ်ငန်းခွဲ(၉၁)ခုအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လုပ်အားခနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် (၄၂၀) ကျပ်သန်း နှင့် ပြည်သူထည့်ဝင်ငွေ (၆၁.၄၈) ကျပ်သန်း ၊ စုစုပေါင်း ကျပ်သန်း (၄၈၁.၄၈)သန်း ကျော်ခန့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

      

သင်းရနံ့(မြရာမြေ)