မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်ထားရှိမည်

မော်လမြိုင် ၂၁ စက်တင်ဘာ

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်ထားရှိမည့် (၁၀) မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်လာသော နေရပ်ပြန် အမျိုးသား (၃၁)ဦးနှင့် အမျိုးသမီး (၂၈)ဦး စုစုပေါင်း (၅၉)ဦး ရောက်ရှိလာရာ တာဝန်ရှိ သူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။

 

ထိုသို့ Quarantine ဝင်ရောက်လာသော နေရပ်ပြန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

 

Quarantine ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အား ရယူ၍ COVID-19 ရောဂါပိုးကူးစက်မှု ရှိ/မရှိ ဓါတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင် ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်း၍ ကန့်သတ် စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှ ယနေ့အထိ ပြည်ပနိုင်ငံ အသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၁၃၇၄၉)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။  

 

ပြည်နယ်(ပြန်/ဆက်)