မော်လိုက်မြို့၌ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး မုန့်လုပ်နည်းနှင့် ပန်းအလှဆင်သင်တန်း ဖွင့်လှစ်

မော်လိုက်  ၁၂  နိုဝင်ဘာ       

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် အိမ်တွင်းမှု အတတ်ပညာများ သင်ကြားတတ်မြောက်နိုင်ရေးတို့အတွက် ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုန့်လုပ်နည်းနှင့် ပန်းအလှ ဆင်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အမျိုးသမီးရေးရာရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မော်လိုက်ခရိုင်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးသည့်အတွက် အခုလို အိမ်တွင်းမှု အတတ်သင်သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ နောက်နောင်များတွင်လည်း လူမှုဝန်ထမ်း ဦးစီးဌနာနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည့် သင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်  ခန္တီးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်သီသီဟန်က လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများဘဝ မြင့်တင်ရေး အိမ်တွင်းမှုပညာများ၊ အတတ်သင် သင်တန်းများ ဖွင့်လှစ်ပေးနေမှုများနှင့် ယခုသင်တန်းကိုလည်း ပြည်သူများ တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မုန့်လုပ်နည်း အမျိုးအစား (၆) မျိုး၊ ပန်းအလှဆင်သင်တန်းတွင် မင်္ဂလာပွဲ၊ အလှူပွဲ စသည့်အခမ်းအနားများ၊ သတို့သမီးလက်ကိုင် ပန်းပြုလုပ်နည်း စသည်များကို (၅) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အမျိုးသမီး ၄၀ တက်ရောက်ခဲ့ကြောင်း ခန္တီးခရိုင်လူမှုဝန်ထမ်းရုံးမှ သင်တန်းနည်းပြ ဒေါ်သီသီဟန်ထံမှ သိရသည်။                   

မော်လိုက်သားလေး