မြစ်သား၌ အခြေခံလူတန်းစား အိမ်ထောင်စုများသို့ နိုင်ငံတော်အစိုးရမှ(စတုတ္ထအကြိမ်) ငွေကျပ်နှစ်သောင်း ထောက်ပံ့ပေးအပ်

မြစ်သား၊  ၂၃   ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ(စတုတ္ထအကြိမ်)ထောက်ပံ့သော ငွေကျပ် နှစ်သောင်းအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

 

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း ကအဆိုပါထောက်ပံ့ငွေများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် မြစ်သားမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ စတုတ္ထအကြိမ် ထပ်တိုးအိမ်ထောင်စု (၇၄၃၉)အတွက် တစ်အိမ် ထောင်လျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၄၈၇၈၀၀၀၀) (သိန်းတစ် ထောင် လေးရာရှစ်ဆယ်ခုနှစ်သိန်းရှစ်သောင်း)အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက  စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ရာ အမှတ်() တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်   မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ဖြင့်ဖွဲ့စည်းထားသော အဖွဲ့(၁၀)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက အသီးသီး လက်ခံရယူခဲ့ကြ ကြောင်းသိရသည်။

 

အဆိုပါထောက်ပံ့ငွေများကို မြစ်သားမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ စတုတ္ထအကြိမ် ထပ်တိုး အိမ်ထောင်စုများထံသို့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ တစ်ဆင့် ပြန်လည် ထုတ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

မြမြမွန်(ပြန်/ဆက်)