မအူပင်မြို့နယ်၌ ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များ စစ်ဆေး

မအူပင် ၁၈  အောက်တိုဘာ

 

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးခြင်းကို အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ဆန္ဒမဲလက်မှတ်များ စစ်ဆေးရာတွင် မအူပင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်နှင့်အဖွဲ့ခွဲဝင်များ ကော်မရှင်အဖွဲ့ခွဲတွင်ပါဝင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များက မဲဆန္ဒနယ်အလိုက် ရရှိမည့် ဆန္ဒမဲလက်မှတ် အရေအတွက် ပြည့်/မပြည့်၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ စွန်းထင်း စုတ်ပြဲနေသော ဆန္ဒမဲ လက်မှတ်ပါဝင်မှု ရှိ/ မရှိ၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက်၊ ကိုယ်စားလှယ် လောင်းများ၏ အမည်နှင့် အသုံးပြုသင်္ကတေများ မှန်ကန်မှု ရှိ/ မ ရှိ တို့ကို စစ်ဆေး လျက်ရှိကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မအူပင်မြို့နယ်အနေဖြင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ(၂၄၀၈၈၈)ဦးရှိပြီး မဲရုံပေါင်း(၃၁၁)ရုံဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပြီး မဲလက်မှတ် (၁)အုပ်လျှင် အရွက် (၅၀) ပါရှိကာ ပြည်သူ့လွှတ်တော် (၅၅၂၆) အုပ် ၊ အမျိုသားလွှတ်တော် (၅၅၂၅)အုပ်၊ အမှတ်(၁) တိုင်းဒေသကြီး (၂၈၈၁)အုပ်၊ အမှတ်(၂) တိုင်းဒေသကြီး (၂၆၁၃)အုပ်၊ ကရင်(၁၄၇၄)အုပ်၊ ရခိုင်(၁၅)အုပ် ဆန္ဒမဲလက်မှတ် စုစုပေါင်း(၁၈၀၃၄)အုပ် ထုတ်ပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)